မုံရွာမြို့တွင် ဗုံးပေါက်ကွဲ၊ ၁ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ သင်္ကြန်အကြိုနေ့ ဒီနေ့မနက်ပိုင်းက ဗုံးပေါက်မှုဖြစ်ပွားခဲ့ပြီး ပြည်သူ ၁ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
“မနက် ၁၁ နာရီခွဲလောက်မှာ မုံရွာမြို့ အလယ်ရပ်ကွက်၊ ဘုရားနီလမ်းနဲ့ ပြည်ထောင်စုလမ်းဆုံရာ ငှက်ပျောသီးဆိုင်ရှေ့လမ်းမှာ ဗုံးပေါက်သွားတယ်၊ အဲဒီနားရှိတဲ့ ပြည်သူ ၇ ဦးဒဏ်ရာသွားပြီး တဦးက ပွဲချင်းပြီး သေဆုံးသွားတယ်” လို့ မျက်မြင်တဦးက ပြောပါတယ် ။
ဗုံပေါက်ကွဲမှုကြောင့် သေဆုံးသူမှာ မဆွေဆွေလှိုင်ဖြစ်ပြီး ဒဏ်ရာရရှိသူတွေကတော့ မသန်းမြင့်ဌေး၊ ဦးသန်းလွင်၊ ကိုစိုးမင်းနိုင်၊ ကိုဝေနှင်း၊ ကိုအောင်မင်းဦး၊ ဦးရွှေသီးတို့ ဖြစ်တယ်လို့ သိရပါတယ်။
ဗုံးပေါက်ကွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ မသိရှိရသေးပါဘူး။
မုံရွာမြို့မှာ ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီလက်အောက်ခံ ရဲကားတစီးကို MonywaTheBoys အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တဦး သေဆုံးသွားတယ်လို့ အဲဒီအဖွဲ့က ထုတ်ပြန်ထားပါတယ်။