ခြေထောက်ခွဲစိတ်ကုသခဲ့ရသည့် မန်ယူနောက်ခံလူ လုခ်ရှော ရာသီကုန်အထိ အနားယူရနိုင်

မန်ယူနောက်ခံလူ လုခ်ရှောဟာ ခြေထောက် ခွဲစိတ်ကုသခဲ့ရလို့ ရာသီကုန်အထိ အနားယူရ နိုင်တယ်လို့ သိရပါတယ်။
ဘယ်နောက်ခံလူ လုခ်ရှောဟာ ဧပြီ ၂ ရက်က ကစားခဲ့တဲ့ လက်စတာ နဲ့ ပွဲစဉ်မှာ ၂၀၁၅ ခုနှစ်က ရခဲ့တဲ့ ခြေကျင်းဝတ် ဒဏ်ရာဟောင်းကို ပြန်လည်ထိခိုက်မိပြီး လူစားလဲခဲ့ရတာပါ။
အဆိုပါဒဏ်ရာကို ပြီးခဲ့တဲ့တပတ်က ခွဲစိတ်ကုသခဲ့ရာမှာ ၂၀၁၅ ခုနှစ်တုန်းက ခြေ ထောက်ထဲမှာ ထည့်ထားတဲ့ သတ္တုချောင်း ၂ ခုကို ပြန်လည်ဖယ်ရှားခဲ့ရပါတယ်။
ဒီအခြေအနေကို နည်းပြ ရန်းနစ်ခ်ကလည်း ထုတ်ဖော်ပြောဆိုထားပြီး ၂ပတ် ၃ ပတ်ခန့်ပဲ အနားယူရဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။
ဒါပေမယ့် ဒဏ်ရာအခြေအနေက မျှော်မှန်းထားသလောက် သက်သာလာမှု မရှိသေးတာကြောင့် အခုနှစ်ရာသီကုန်အထိ အနားယူသွားရဖို့ရှိတယ်လို့ သိရပါတယ်။
လုခ်ရှောဟာ ၂၀၁၅ ခုနှစ်က ပီအက်စ်ဗွီနောက်ခံလူ မိုရီနိုရဲ့ ဖျက်ထုတ်မှုကြောင့် ခြေထောက်ရိုး ၂ ခု ကျိုးခဲ့ပြီး သတ္တုချောင်း ၂ ခုထည့်ပြီး ခွဲစိတ်ကုသခံရတာပါ။
အဲဒီဒဏ်ရာကြောင့် ၁၁ လကြာအနားယူခဲ့ရပြီး ပုံမှန်ပွဲထွက်ခွင့်ရဖို့အတွက် ၄ နှစ်လောက် ပြန်လည်ကြိုးပမ်းခဲ့ရပါတယ်။