စစ်တပ် အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁,၇၇၀ နီးပါးရှိလာ

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၁,၇၆၉ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၃,၂၉၃ ယောက် ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဧပြီ ၁၈ ရက်အထိ အေအေပီပီက ကောက်ယူ မှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။
နွေဦးတော်လှန်ရေး ကာလအတွင်း ဒီနေ့အထိ ၁၀,၂၄၉ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၉၉၅ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။
ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၅၉ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။
ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁,၉၇၆ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်း ခံထားရသူ ၄၁ ယောက် အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်းအယောက် ၁၀၀ ရှိပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်ညနေပိုင်းက မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ တစူးကျေးရွာကို အကြမ်းဖက်စစ်အုပ်စုတပ်တွေ ဝင်ရောက်စီးနင်းခဲ့ပြီး ထွက်ပြေးတိမ်းရှောင်တဲ့ ဒေသခံရွာသားတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၉ ယောက် ကျဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။ ကျဆုံးသွားခဲ့တဲ့ ဒေသခံတွေကတော့ ဒေါ်ဆန်းခွေး၊ ဒေါ်သန်းစော၊ ဒေါ်ခင်သန်းနု၊ မလှမျိုးနွယ်၊ မလှမျိုးကြွယ်၊ မတင်မိုးလှိုင်၊ မဇင် ဇင်အောင်၊ ဒေါ်ဌေးဝနဲ့ ဦးမြင့်ပိုတို့ဖြစ်ကြောင်း သိရပါတယ်။
ဒါ့အပြင် မုံရွာဒေသကာကွယ်ရေးတပ်ဖွဲ့(Black Dragon Special Task Force) တပ်ဖွဲ့ဝင်တယောက်ဖြစ်သူ အသက် ၁၇ နှစ်အရွယ် ကိုဗိုလ်ကြီး(ခ) နေမင်းခဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြဝတီရပ်ကွက် က သူ့ရဲ့ နေအိမ်မှာ ဧပြီ ၁၄ ရက်ညနေ ၆ နာရီဝန်းကျင်က အကြမ်းဖက်စစ်အုပ်စုတပ်တွေ ဖမ်းဆီးခြင်းခံခဲ့ရပြီး စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတာကြောင့် နောက်တရက် ဧပြီ ၁၅ ရက် ညနေ ၄ နာရီဝန်း ကျင်မှာ ကျဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။