တရာသီ ဖလား ၄ လုံးရရေး ကစားသမားတိုင်း၏အိပ်မက်ဟု ဗန်ဒိုက်ပြော

ဘောလုံးရာသီ တရာသီအတွင်းမှာ ဆုဖလား ၄ လုံးရရှိဖို့က ကစားသမားတိုင်းရဲ့ အိပ်မက် ဖြစ်တယ်လို့ လီဗာပူးနောက်ခံလူ ဗန်ဒိုက်က ပြောပါတယ်။
လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက လိဂ်ရှုံးထွက်ဖလားချန်ပီယံဆုဖလား ရယူနိုင်ခဲ့ပါတယ်။ အက်ဖ်အေဖလားမှာ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့သလို ပရီးမီးယားလိဂ်မှာလည်း မန်စီးတီးနဲ့ တမှတ်အကွာ အဆင့် ၂ မှာရပ်တည်နေတာပါ။
အလားတူ ဥရောပချန်ပီယံလိဂ်မှာလည်း ဆီမီးဖိုင်နယ်အဆင့်ထိ တက်လှမ်းနိုင်ခဲ့လို့ ဆုဖလား ၄ လုံး ရရှိနိုင်မယ့် လမ်းကြောင်းအပေါ်မှာ ရှိနေပါတယ်။
တရာသီအတွင်းမှ ဆုဖလား ၃-၄ လုံးရရှိဖို့က ဖိအားများစေနိုင်ပေမယ့် ကစားသမားတိုင်းရဲ့ အိပ်မက်တခုဖြစ်လာတယ်လို့ နောက်ခံလူဗန်ဒိုက်က ပြောပါတယ်။
“ဘယ်ကစားသမားကမှ တရာသီအတွင်း ဖလား ၄ လုံး မယူနိုင်ခဲ့ဘဲ ဒါက လုပ်ဆောင်ဖို့ မဖြစ်နိုင်သလောက်ပါပဲ။ ဒါပေမဲ့ ကစားသမားတိုင်းကတော့ ကိုယ်ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲတိုင်းမှာ ဆုဖလားတွေ ရယူနိုင်ဖို့ဆိုတာက အိပ်မက်တခုပါပဲ။ ကျနော်တို့ ဘယ်တွေ ရယူနိုင်မလဲဆိုတာ မကြာခင်မြင်တွေ့ရတော့မှာပါ။”
လီဗာပူးဟာ ပရီးမီးယားလိဂ်ပွဲစဉ်အနေနဲ့ ဧပြီ ၂ဝ ရက် မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲ မန်ယူအသင်းနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။