ပီရူးနိုင်ငံ စစ်ဆင်ရေးများအတွင်း မူးယစ်ဆေး ၅ တန်ကျော် သိမ်းဆည်းမိ

ပီရူးနိုင်ငံတလွှား စစ်ဆင်ရေးတွေအတွင်း မတ် ၂၅ ရက်ကနေ အခုထိ မူးယစ်ဆေး ၅ တန်ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ ပီရူးအမျိုးသား ရဲတပ်ဖွဲ့က ဧပြီ ၁၉ ရက်မှာ ကြေညာပါတယ်။ လက်နက်တွေနဲ့ မူးယစ်ဆေးလုပ်ရာမှာ သုံးတဲ့ ဓာတုပစ္စည်းတွေကိုပါ တွေ့ရှိ သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။
“ဒီမူးယစ်ဆေးတွေဟာ ထုတ်လုပ်တဲ့နေရာမှာတင် ခန့်မှန်းချေတန်ကြေး အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ သန်းဖိုး ရှိတယ်၊ ဥရောပလို စားသုံးသူဈေးကွက်ထဲ ရောက်သွားရင်တော့ ခန့်မှန်းချေတန်ကြေး အမေရိကန်ဒေါ်လာ သန်း ၁၄၀ လောက် ရှိလိမ့်မယ်” လို့ အမျိုးသားရဲတပ်ဖွဲ့ မူးယစ်တိုက်ဖျက်ရေးဌာန ညွှန်မှူး ဒန်နီ ရိုဒရီဂက်ဇ်က ပြောပါတယ်။
၂၀၂၂ ခုနှစ်အတွင်း ပီရူးရဲတွေဟာ စစ်ဆင်ရေး ၄,၄၂၁ ခုအတွင်း လူ ၉၅၉ ယောက်ကို ဖမ်းခဲ့ပြီး ရာဇဝတ်ဂိုဏ်း ၂၅ ဂိုဏ်းကို ဖြိုခွဲခဲ့သလို မူးယစ်ဆေး ၁၆ ဒသမ ၉ တန်ကို သိမ်းဆည်းရမိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။