မန္တလေးက မြို့နယ်တချို့တွင် စည်ပင်ရေမလာသဖြင့် ပြည်သူများ သုံးရေအခက်အခဲဖြစ်နေ





မန္တလေးမြို့က မြို့နယ်တချို့မှာ စည်ပင်သာယာက ရေမလာတာ ၃ ရက်ရှိပြီဖြစ်တာကြောင့် ပြည်သူတွေ သုံးရေ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။
ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်နဲ့ ချမ်းမြသာစည်မြို့နယ် တချို့နေရာတွေမှာ ရေပြတ်နေတာဖြစ်ပြီး ရေဝယ်သုံးနေရကြရပါတယ်။
မန္တဘေးမြို့နေ ပြည်သူတဦးက “ရေပြတ်တာ အိမ်သာရေတောင် မရှိလို့ ဝယ်သုံးနေရတယ်။ တချို့ တိုက်ခန်းတွေဆို ရေတင်ရတာ မလွယ်ဘူး။ ရေလာချိန်နဲ့ မီးလာချိန်က ကွက်တိဖြစ်မှ ရေတင်လို့ရတာ။ မီးကလည်း မမှန်ဆိုတော့ အခက်အခဲဖြစ်တာပေါ့” လို့ ပြောပါတယ်။
တချို့ လူမှုကူညီရေးအသင်းတွေကတော့ ရေပြတ်လပ်နေတဲ့ ဘုန်းကြီးကျောင်းတွေ၊ ရပ်ကွက်တွေကို ရေလှူဒါန်းပေးတာတွေ လုပ်ဆောင်နေကြပါတယ်။
ဒါ့အပြင် အဝီစိတွင်းရှိသူတွေက ရေစက်နှိုးပြီး ရေဝေပေးတာ၊ ရေချိုးကန်တွေမှာ ပိုက်ဆံပေးပြီး ရေချိုးရတာတွေ ရှိတယ်လို့ သိရပါတယ်။
မန္တလေးမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက လေပြင်းတိုက်ပြီး မီးတိုင်တွေ လဲကျကာ မီးပြတ်နေတာကြောင့် ရေမလွှတ်နိုင်တာဖြစ်တယ်လို့ စည်ပင်သာယာနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။