close

မလေးရှားက လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ၅ သိန်းရောက်ရှိ

မြန်မာနိုင်ငံအတွက် မလေးရှားနိုင်ငံက လှူဒါန်းတဲ့ Astrazeneca ကိုဗစ်-၁၉ ကာကွယ်ဆေး ၅ သိန်း ဧပြီ ၂၀ ရက် မနက်ပိုင်းမှာ လေကြောင်းကတဆင့် ရောက်ရှိလာခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အဆိုပါ ကာကွယ်ဆေးတွေကိုတော့ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင်ခန်းမှာ သိုလှောင်ထားရှိမှာဖြစ်ပြီး နေပြည်တော်အပါအဝင်၊ တိုင်း ဒေသကြီးနဲ့ ပြည်နယ်တွေကို လိုအပ်ချက်အရ ဆက်လက်ဖြန့်ဝေသွားမယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ကိုဗစ်-၁၉ ကပ်ဘေးအပြင် စစ်အာဏာသိမ်းမှုတွေနဲ့ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီက နေ့စဉ်ကိုဗစ်-၁၉ ရောဂါကူးစက်မှု အရေအတွက်ကို လျှော့ချ ထုတ်ပြန်နေပြီး ရောဂါကူးစက်သေဆုံးမှု ပမာဏအတိအကျကို မသိနိုင်ဘူးဖြစ်နေတယ်လို့  ဆေးပညာရှင်တွေအများစုက ထောက်ပြဝေဖန်နေကြပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စု လက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု၊ သေဆုံးမှုတွေနဲ့ ပတ်သက်ပြီးတော့ တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်ပါဘူး။

သင်္ကြန်ကာလမတိုင်ခင်ကတည်းက ပွဲတော်ကို ဖိအားပေးပြင်ဆင်နေတာမို့ ရောဂါကူးစက်သေဆုံးမှု မရှိသလောက် လျှော့ချထုတ်ပြန်နေခဲ့ပေမယ့် ပြည်သူတရပ်လုံးကတော့ ဒီပွဲတော်မှာ ပါဝင်ဆင်နွှဲကြတာမလုပ်ဘဲ အာဏာရှင်ကို ဆက်လက်ပြီးတော့ ဆန့်ကျင်တော်လှန်ခဲ့ကြတာ ဖြစ်ပါတယ်

မြန်မာနိုင်ငံမှာတော့ စစ်အာဏာသိမ်း ၁ နှစ်ကျော်ကာလအတွင်း တိုင်းပြည်မှာ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေ၏တာ ဖြစ်ပါတယ်။

ကိုဗစ်-၁၉  ကာကွယ်ဆေး ထိုးနှံပြီးစီးမှုအနေနဲ့ လက်ရှိအချိန်ထိ ၂၉ သန်းနီးပါး ထိုးပြီးဖြစ်တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ ပြီးခဲ့တဲ့ ၂၀၂၁ နှစ်ကုန်မှာ မြန်မာနိုင်ငံလူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မယ်လို့ ပြောထားတာပါ။

ဒါပေမဲ့ ပြည်သူတွေကြားမှာတော့ အကြမ်းဖက်စစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာကွယ်ဆေး သွားရောက်ထိုးသူအရေအတွက်ဟာ နည်းပါးတယ်လို့  သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up