close

ကေအန်ယူ တပ်မဟာ ၆ နယ်မြေကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ ကွီးလယ်တဲနဲ့ ကွီးလယ်ရွာသစ် ကျေးရွာတွေကို ဧပြီ ၂၁ ရက် ညနေ ၅ နာရီလောက်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့  ကေအန်ယူ တာဝန်ရှိသူတဦးက ပြောပါတယ်။

အဆိုပါ ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီးနဲ့ ဗုံး ၅ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့သလို ထီးသဘျူးခီးကျေးရွာပါ ဗုံး ၃ လုံး ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ကေအန်ယူ ဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်းက "အဲဒီနေရာက တပ်ရင်း ၁၇ ဧရိယာ။ တိုက်ပွဲဖြစ်တော့ တပ်ကို နယ်မြေ KNLA တပ်တွေက ပိတ်ထားလိုက်တော့ ထွက်မရဘူး ဖြစ်နေတော့ ရမ်းသန်းလာပစ်တာပါ။ ပစ်လည်း သူတို့ လေယာဉ်တွေက ပစ်မှတ်ဆီမရောက်ဘဲ သူတို့လူ သူတို့ ပြန်ပစ်သလိုတွေ ဖြစ်နေတာ။” လို့ ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ အရပ်သားပြည်သူ အပါအဝင် ထိခိုက်မှုအခြေအနေကို မသိရသေးဘူးလို့ ဆိုပါတယ်။

ကော့ကရိတ်ခရိုင်၊ နို့တာကောမြို့နယ် ကွီလုံတိုင်ကျေးရွာအနီး စစ်ကောင်စီရဲ့ ခမရ ၅၆၁ တပ်ရင်း ကွီလုံတိုင်တပ်စခန်း အသုံးပြုနေတဲ့ ရေချောင်းတွေကို ပြန်လည်ဖွင့်ပေးဖို့နဲ့ မဖွင့်ပေးပါက တပ်စခန်းအနီးတဝိုက်က ကျေးရွာတွေကို ဖျက်ဆီးပစ်မယ်လို့ စစ်ကောင်စီက  ကေအန်ယူထံ ဧပြီ ၁၇ ရက်က ခြိမ်းခြောက်စာတစောင် ပေးပို့ခဲ့ပါတယ်။

အဆိုပါနယ်မြေအတွင်းကို စစ်ကောင်စီတပ်တွေက နယ်မြေကျော် စစ်ရေးလှုပ်ရှားလာတဲ့အတွက် KNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်တွေကို နယ်မြေခံ KNLA ပူးပေါင်းတပ်တွေက ပိတ်ဆို့ ဝိုင်းရံထားတဲ့အတွက် ထွက်ပေါက်ရှာတာလို့ ကေအန်ယူ တာဝန်ရှိသူက ဆိုပါတယ်။

အဆိုပါ စစ်ကောင်စီခြိမ်းခြောက်တဲ့ ကျေးရွာတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အပြင် စစ်ကောင်စီက ကျေးရွာအတွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ထိုင်းနယ်စပ်ကို လဆန်းပိုင်းတည်းက ထွက်ပြေးတိမ်းရှောင်နေရကြရ ပါတယ်။

ကေအန်ယူ တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ အဇင်းကျေးရွာမှာ စစ်ကောင်စီရဲ့ အဇင်းတပ်စခန်းကို နယ်မြေခံ KNLA တပ်ဖွဲ့ဝင်တွေက ဧပြီ ၆ ရက် ည ၈ နာရီလောက်က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ဖုချိမူကျေးရွာ တပ်စခန်းကနေ လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ် စစ်ကူပေးခဲ့ရာ ကျေးရွာအတွင်း ကျရောက်ခဲ့တဲ့အတွက် ‌ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာ ထိုင်းနယ်စပ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

မတ်လနောက်ဆုံးပတ်က နယ်မြေကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ နယ်မြေခံ KNLA ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် ထီးသဘလုခီး၊ ကွီးလေး၊ ကွီးလုံးတန်ကျေးရွာ အပါအဝင် ကျေးရွာ ၆ ရွာက ဒေသခံပြည်သူတွေ ၁,၀၀၀ ကျော်ဟာ ထိုင်းနယ်စပ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ကေအန်ယူက ထုတ်ပြန်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up