နိုင်ငံ့ခေါင်းဆောင်များအပေါ် စွဲဆိုထားသည့် ရွေးကောက်ပွဲအမှု လိုပြသက်သေများကို ဆက်လက်စစ်ဆေး

နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ ရွေးကောက်ပွဲ အမှုတွေကို ဧပြီ ၂၂ ရက်က ဆက်လက် ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။
ဒီနေ့ရုံးချိန်းမှာ တရားလိုပြသက်သေအဖြစ် မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်က အရာရှိတဦးကို စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူတို့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အပေါ်မှာ မလျော်သြဇာ လွှမ်းမိုးခဲ့တယ်ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၁၃၀-က နဲ့ စွဲဆိုထားတဲ့အမှု ဖြစ်ပါတယ်။
ဒီအမှုမှာ လိုပြသက်သေ ၂၀ ဦးရှိပြီး လိုပြသက်သေတွေကို ဧပြီ ၁၈ ရက် အပြီးစစ်ဖို့ CMP နဲ့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။
ဧပြီ ၂၅ ရက်နေ့မှာ စွဲချက် လျှောက်လဲချက်တင်ပြီး မေ ၂ ရက်မှာ စွဲချက်အမိန့်ချဖို့ တရားရုံးက ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။ စွဲချက်တင်ရင် စွပ်စွဲခံရသူတွေဘက်က CMP ထပ်လုပ်မှာ ဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရရှိခဲ့ပေမယ့်လည်း အစိုးရသစ်ဖွဲ့စည်းဖို့ လွှတ်တော်စခေါ်မယ့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့က ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။