ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် ရွေးကောက်ပွဲအနိုင်ရ

ပြင်သစ်နိုင်ငံရဲ့သမ္မတ ရွေးကောက်ပွဲမှာ ဧပြီ ၂၄ ရက် မဲရလဒ်တွေအရ လက်ရှိသမ္မတ အီမန်နျူရယ် မက်ခရွန်က ပြန်လည်ရွေးချယ်ခံရပြီး လက်ယာစွန်းဝါဒီ ပြိုင်ဘက် မာရင်းလီပန်းကို ပြတ်ပြတ်သားသား အနိုင်ရသွားပါတယ်။
ပြန်လည်ရွေးချယ်ခံရတဲ့ သမ္မတမက်ခရွန်က မဲရလဒ်တွေ သိရပြီး သိပ်မကြာခင်မှာပဲ မိန့်ခွန်း ပြောကြားရာမှာတော့ သူ့ကို မဲပေးသူတွေရော၊ မဲမပေးသူတွေရော အားလုံးရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးသွားမယ်လို့ ပြောသွားပါတယ်။
စစ်တမ်းတွေအရ မက်ခရွန်က မဲအားလုံးရဲ့ ၅၈ ဒသမ ၅ ရာခိုင်နှုန်း ရမယ်လို့ ပြသနေပါတယ်။
ဒီစစ်တမ်းတွေဟာ မဲဆန္ဒရှင်တွေကို မေးမြန်းကောက်ယူထားတာ ဖြစ်ပြီး တရားဝင် ရလဒ်တွေကတော့ မကြေညာရသေးပါဘူး။
ရွေးကောက်ပွဲ မဲဆွယ်တဲ့ အချိန်တုန်းကတော့ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် တိုင်းပြည်စီးပွားရေး ထိခိုက်နေတာ၊ ယူကရိန်းစစ်ပွဲကို အကြောင်းပြုလို့ လောင်စာဆီဈေးတွေ မြင့်တက်နေတာ၊ နေထိုင်မှု စရိတ်စကတွေ မြင့်တက်နေတာကြောင့် ဆင်းရဲသားတွေ ပိုကျပ်တည်းနေတာတွေဟာ ရှေ့တန်းရောက်ခဲ့ပြီး နောက် ၅ နှစ်သက်တမ်းမှာ သမ္မတမက်ခရွန်က ဒါတွေကို ကိုင်တွယ် ဖြေရှင်းရဖို့ ရှိပါတယ်။