close

ထားဝယ်-ထီးခီးလမ်းပိုင်း အသုံးပြုမှု ခေတ္တရပ်ဆိုင်းရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထုတ်ပြန်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်-ထီးခီးလမ်းပိုင်း အသုံးပြုမှု ခေတ္တရပ်ဆိုင်းဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာန တနင်္သာရီစစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ထားဝယ်ခရိုင်က ဒီကနေ့ ဧပြီ ၂၇ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

ထားဝယ်ခရိုင် အပါအဝင် တနင်္သာရီတိုင်းအတွင်း လက်ရှိဖြစ်ပေါ်နေတဲ့  စစ်ရေးအခြေအနေအရ ထားဝယ်-ထီးခီးလမ်းကို အသုံးပြုမှု ခေတ္တ ရပ်ဆိုင်းပေးဖို့ မေတ္တာရပ်ခံထားတာပါ။

ပြည်သူ့ကာကွယ်ရေးတပ် (ထားဝယ်ခရိုင်) ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့ ၂၄ ရက်နေ့ကစပြီး ပကာရီရွာဘက်မှာ ရဲကင်းစခန်းတခုကို ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့က မီးရှို့ခဲ့တယ်ပေါ့၊ အဲဒီနောက်ပိုင်း (--) တွေက ထားဝယ်-ထီးခီးလမ်းပိုင်း အင်အားတိုးချဲ့တာတွေ ရှိတယ်။ အဲဒါကို အရပ်သားကားတွေနဲ့ အသုံးပြုပြီးတော့ အရပ်သားပုံစံနဲ့ အင်အားတိုးချဲ့တာတွေ ရှိတဲ့အတွက်ကြောင့် ဒီလမ်းပိုင်းကို ကျနော်တို့ ပိတ်ချလိုက်ရခြင်းဖြစ်တယ်။ သူတို့ ဒီလိုမျိုး အသုံးပြုမယ်ဆိုလို့ရှိရင် ကျနော်တို့ ပြည်သူတွေလည်း အထိနာမှာ ကြောက်တဲ့အတွက် ပြည်သူနဲ့ (--) နဲ့ကို တကန့်စီ ခွဲဖို့အတွက် ကျနော်တို့ ဒီလိုလမ်းပိုင်းကို မသုံးကြဖို့၊ အဓိကကတော့ ပြည်သူတွေ အထိနာမှာစိုးလို့ ကျနော်တို့က ထုတ်ပြန်ရခြင်းဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒီလမ်းပိုင်းကို ဒီကနေ့ ဧပြီ ၂၇ ရက်ကစပြီး တပတ်လိုက်ကြောင်းနဲ့ လိုအပ်ရင် လိုအပ်သလို ထုတ်ပြန်ချက်တွေ ထပ်မံထုတ်ပြန်သွားမယ်လို့လည်း ပြောပါတယ်။

“အဲဒီလမ်းပိုင်းကို မြို့နယ် ပကဖကတော့ ၂၄ ရက်နေ့ကစပြီး‌တော့ ယာယီ ပိတ်ထားလိုက်တာပေါ့။ ဒီနေ့ ၂၇ ရက် ညနေ ၆ နာရီကစပြီး‌တော့ တပတ်အတောအတွင်း ထားဝယ်-ထီးခီးလမ်းပိုင်း တလမ်းလုံး အပါအဝင် ကျနော်တို့ ရေဝိုင်း-ပကာရီလမ်းရယ်၊ စည်ပိုင်ကောက်-ပကာရီလမ်းရယ်၊ အကုန်လုံး လမ်းကြို လမ်းကြားပေါ့၊ လမ်းသွယ်ကအစ ကျနော်တို့ ဒီထီးခီးလမ်းပိုင်းကို သွားလို့ရတဲ့ လမ်းသွယ်အကုန်လုံးကို ကျနော်တို့ ဒီနေ့ ၂၇ နေ့စွဲနဲ့ ကျနော်တို့ ခရိုင်ပကဖက ထုတ်ပြန်ထားတာရှိတယ်။ အခြေအနေ အကြောင်းကြောင့် ဒီထုတ်ပြန်ချက်ကို သက်တမ်းတိုးမယ့် အချိန်လည်း ဖြစ်သွားနိုင်တယ်ပေါ့နော်။”

ထားဝယ်-ထီးခီးလမ်းဟာ ကေအန်ယူ တပ်မဟာ ၄ က တပိုင်း ထိန်းချုပ်ထားသလို နောက်တပိုင်းကို စစ်တပ်က ပိုင်ထားပြီး အခုနောက်ပိုင်းမှာတော့ အဲဒီ PDF အဖွဲ့က ထိန်းချုပ်ထားပြီဖြစ်ကြောင်းလည်း ပြောပါတယ်။

“ထားဝယ်-ထီးခီးလမ်းပိုင်းကို ကေအန်ယူက တပိုင်းပိုင်တယ်ခင်ဗျာ။ တပိုင်းပိုင်တယ်ဆိုတာက ကျောက်မဲတောင်ကနေ စပြီးတော့ စစ်ဆေးရေးဂိတ်အထိက ကေအန်ယူ တပ်မဟာ ၄ ရဲ့ ပိုင်နက်နယ်မြေဗျာ။ ကျောက်မဲတောင်ကနေပြီး‌တော့ ဒီထားဝယ်ဘက်ခြမ်းကတော့ စစ်တပ်ပိုင်နယ်မြေပေါ့၊ အရင်ကတော့ စစ်တပ်ပိုင်နယ်မြေပေါ့၊ အခုကတော့ PDF အုပ်ချုပ်နယ်မြေ ဖြစ်သွားပြီပေါ့။”

တနင်္သာရီတိုင်း၊ ပကာရီဘက်မှာ အခု ဧပြီလဆန်းပိုင်းကနေစပြီး ဒီကနေ့အထိ စစ်ကောင်စီတပ်နဲ့‌ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွားနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up