close

ဘန်ကောက်တွင် ဆောက်လက်စ ၂၇ ထပ်တိုက်အပေါ်ပိုင်းပြိုကျ၊ မြန်မာလုပ်သား ၁ ဦး သေဆုံး ၅ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံဘန်ကောက်ခရိုင် ဘန်းဆိနယ်မြေ ပချားရတ်အမှတ် ၂ လမ်း ကျောက်ဖရား မြစ်ကမ်းဘေးက ဆောက်လက်စ ၂၇ ထပ်တိုက်မှာ မေ ၁ ရက် မနက်အစောပိုင်းက မတော်တဆ သံဘောင်ကျိုး ပြိကျခဲ့တာကြောင့် မြန်မာအလုပ်သမား ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရသွားပါတယ်။ 

ဧပြီ ၃၀ သန်းခေါင်ကျော် မေ ၁ ရက်မနက်အစောပိုင်း ဆောက်လက်စတိုက်အမြင့် မတော်တဆမှုဖြစ်ကြောင်း သတင်းကြားလို့ လူနာတင်ကားတွေနဲ့အတူသွားရော က်စစ်ဆေးရာမှာ ၂၇ ထပ်တိုက်ပေါ်ကနေ အောက်ကိုပြုတ်ကျလာတဲ့အလုပ်သမား ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရလို့ ဝချီရဖယားဘန်းဆေးရုံကို ပို့ပေးခဲ့တယ်လို့ ဘန်ဖိုးနယ်မြေ ရဲစခန်း တာဝန်ကျရဲမှူး အရိယထိုင်းဆင်တိုက သတင်းထောက်တွေကို ပြောပါတယ်။  

အဲဒီညက တိုက်ရဲ့အပေါ်ဆုံး ၂၇ ထပ်မှာ ဆောက်လုပ်ရေးလုပ်သား ၅၀ လောက် ညဆိုင်းဆင်းပြီး မဆလာနယ်၊ ကွန်ကရစ်လောင်း၊ မျက်နှာပြင်ချောနေကြစဉ် သံဘောင်ကျိုးကျပြီး အင်္ဂတေ မျက်နှာပြင်ချောနေတဲ့ အလုပ်သမားတွေ ပြုတ်ကျလာတာလို့ ဆိုပါတယ်။ 

အဆိုပါတိုက်ကို ဆောက်လုပ်နေတာ ၂ နှစ်ရှိပြီဖြစ်ပြီး စာချုပ်အရ ဒီ ၂၀၂၂ ခုနှစ် မတ်လမှာ အပြီးအစီးဆောက်ရမှာဖြစ်ပေမယ့် မပြီးနိုင်လို့ နေ့ရောညပါ အဆောတလျင်လုပ်ရာက မသေမသပ်ဖြစ်ပြီး မတော်တဆထိခိုက်မှုဖြစ်နေရတာလို့ ခန့်မှန်းပြောဆိုနေကြပါတယ်။ 

သက်ဆိုင်ရာတာဝန်ရှိသူတွေကတော့ ဖြစ်ရတဲ့အကြောင်းရင်း အသေးစိတ်သိရဖို့အတွက် သက်ဆိုင်ရာ အလုပ်ကြီးကြပ်ရေးမှူး၊ မန်နေဂျာ၊ ဆောက်လုပ်ရေးကုမ္ပဏီတွေကို ခေါ်ယူမေးမြန်းနေတယ်လို့ ဘန်ဖိုးနယ်မြေရဲစခန်းက ပြောသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up