close

စစ်ကောင်စီက ကျောက်ဆည်ခရိုင်၌ ရွာတရွာကို လူ ၂၀ နှုန်း လုံခြုံရေးသင်တန်းတက်ခိုင်း‌နေ

မန္တလေးတိုင်း ကျောက်ဆည်ခရိုင်အတွင်းမှာရှိတဲ့ ကျေးရွာတွေမှာ ရပ်ရွာလုံခြုံရေးသင်တန်းပေးဖို့ ရွာတရွာကို လူဦးရေ ၂၀ ပေးရမယ်ဆိုပြီး ဧပြီ ၂၉ ရက်မှာ စစ်ကောင်စီတပ်က အုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ရပ်ရွာလုံခြုံရေးအတွက် တရွာကို လူဦးရေ ၂၀ နှုန်း သင်တန်း တက်ရောက်ရမှာဖြစ်ပြီး လစာပေးမယ်၊ လက်နက်ပေးမယ်၊ သူတို့ လိုအပ်ရင် ရှေတန်း ခေါ်မယ်ဆိုပြီး ပြောသွားတယ်လို့  ဆိုပါတယ်။

ဒေသခံတဦးက “ရိုးသားတဲ့ပြည်သူတွေကို အသုံးချပြီး နားလည်ပါးရိုက်လုပ်တာလို့ထင်တယ်။ ပထမတော့ စာရင်းပါသွားရင် ရပ်ရွာလုံခြုံရေးအတွက် သင်တန်းပေးမယ်၊ ပြီးရင်လိုအပ်တဲ့ နေရာခေါ်သုံးမယ်ဆိုတော့ ရိုးသားတဲ့ သူတွေရဲ့အသက်တွေနစ်နာတယ်” လို့ ​ပြောပါတယ်။

ကျေးရွာအတွင်းက လူဦးရေကို စာရင်းကောက်ခိုင်းထားပြီး မေ ၅ ရက်မှာ စာရင်းအပြီးတင်ဖို့ အုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ကျောက်ဆည်နဂါးနီ ပြောက်ကျားတပ်ဖွဲ့က တာဝန်ရှိသူတဦးက “စစ်ကောင်စီဘက်က လူတွေ​ခေါ်တယ်ဆိုတော့ ဒေသခံတွေကတော့ နှစ်ဖက်စလုံး ကြောက်နေေတာပေါ့။ မသိနားမလည်တဲ့ ပြည်သူတွေကို မထိခိုက်စေချင်ဘူး" လို့ ပြောပါတယ်။ 

စစ်ကောင်စီက ပေးအပ်မယ့် သင်တန်းကို တက်ရောက်ဖို့ လှုံ့ဆော်တဲ့ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတွေနဲ့ မိသားစုဝင်တွေရဲ့ အသက်ကို တာဝန်ယူမှာ မဟုတ်ဘူးလို့ ကျောက်ဆည်နဂါးနီ ပြောက်ကျားတပ်ဖွဲ့က မေ ၂ ရက်မှာထုတ်ပြန်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up