ကာကွယ်ရေးဆိုင်ရာသဘောတူညီချက်သစ် ထိုင်းနှင့် ဂျပန်ကြေညာ

ထိုင်းနိုင်ငံနဲ့ ဂျပန်နိုင်ငံတို့အကြား ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်အသစ်ကို မေ ၂ ရက်မှာ ကြေညာပါတယ်။
တချိန်တည်းမှာ နှစ်နိုင်ငံကြားမှာ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားဖို့လည်း သဘောတူလိုက်ကြပါတယ်။
ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါဟာ အရှေ့တောင်အာရှ သုံးနိုင်ငံ ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံကို သွားရောက်စဉ် အခုလို သဘောတူလိုက်ကြတာပါ။
သဘောတူညီချက်ထဲမှာ ကာကွယ်ရေးပစ္စည်းနဲ့ နည်းပညာတွေ ဂျပန်ကနေ ထိုင်းနိုင်ငံကို လွှဲပြောင်းရေးကိစ္စတွေ ပါဝင်တယ်လို့ ဆိုပေမယ့် အသေးစိတ်ကိုတော့ မသိရပါဘူး။
ထိုင်းစစ်တပ်ဟာ ဒေသတွင်းမှာ ခေတ်မီလက်နက်တွေ တပ်ဆင်ထားရာမှာ ရှေ့တန်းရောက်သလို၊ အမေရိကန်စစ်တပ်နဲ့ ကာလရှည်ကြာ ဆက်ဆံရေး တည်ဆောက်ထားတဲ့ စစ်တပ်ဖြစ်ပါတယ်။
အခု သဘောတူညီချက်ကြောင့် ထိုင်းနိုင်ငံရဲ့ကာကွယ်ရေးနဲ့ ဂျပန်နိုင်ငံကနေ ရင်းနှီးမြှုပ်မှုတွေ ပိုပြီး တိုးတက်လာမယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဂျပန်ဝန်ကြီးချုပ် ကီရှီဒါနဲ့ အတူ ပူးတွဲ ကြေညာချက်ကို ဖတ်ကြားပါတယ်။
ဂျပန်ဟာ ထိုင်းနိုင်ငံမှာ အများဆုံး ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံဖြစ်သလို၊ ရှေ့လာမယ့် ငါးနှစ်တာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။