close

ကလေးမြို့နယ်တွင် ၂ ရက်ဆက် တိုက်ပွဲပြင်းထန်

စစ်ကိုင်တိုင်း ကလေးမြို့နယ်မှာ မေ ၂ ရက်နေ့ မနက်ပိုင်းက ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅ ယောက်ထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် (ကလေး၊ကဘော်၊ဂန့်ဂေါ) CDF-KKG ကနေ သိရပါတယ်။

ကလေးမြို့နယ်တောင်ပိုင်း အောင်မဂ်လာရွာဘက်ကနေ ရှားဖိုရွာဘက်ကို အင်အားရာနဲ့ချီ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို မေ ၂ ရက်နေ့မနက်ပိုင်းမှာ ဒေသကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာမှ တနေကုန် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ၅ ယောက်ထက်မနည်သေဆုံးပြီး လက်နက် ၄ လက် သိမ်းဆည်းနိုင်ခဲ့တယ်လို့ CDF-KKG ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ CDF-KKG က ရဲဘော် ၂ ယောက် ဒဏ်ရာရရှိထားပြီး နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ မေ ၁ ရက်နေ့ မနက် ၆ နာရီလောက်မှာ အရှေ့စည်းရွာဘက်ကို ခြေလျင် စစ်ကြောင်းထိုးလာလို့ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေနဲ့ တိုက်ပွဲ အပြင်းထန်ဖြစ်ပွားခဲ့တယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“စစ်ကောင်စီတပ်တွေဟာ အရှေ့စည်းရွာ မြောက်ဘက်ကနေ လက်နက်ကြီးနဲ့ ၁၅ ချက် ဦးအောင်ပစ်ပြီး လက်နက်ငယ်တွေ ဆက်တိုက်ပစ်ခတ်ကာ စစ်ကြောင်းထိုးလာတာဗျ။ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေက အနီးကပ်ပစ်ခတ်လို့ စစ်ကောင်စီဘက်က ၅ ယေက်ထက်မနည်း သေဆုံးနိုင်တယ်။ တိုက်ပွဲအတွင်းမှာ ကျနော်တို့ CDF-KKG က ရဲဘော်တစ်ယောက် ကျဆုံးကာ PDF-ကလေးက ရဲဘော် ၃ ယောက်ဒဏ်ရာရရှိခဲ့တယ်။” 

အဲဒီတိုက်ပွဲကို CDF-KKG၊ PDF-ကလေး၊ CNDF၊ RKDF နဲ့ ပ.က.ဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ပြောပါတယ်။

“ကလေးမြို့နယ်တောင်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေလို့ ဒေသခံပြည်သူ ၁ ထောင်လောက် ဘေးလွတ်ရာ ထွက်ပြေးနေကြရတယ်ဗျ။ မေလ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တွေမှာတော့ လက်နက်ကြီး လက်နက်ငယ်သံတွေ ဆက်တိုက်ကြားရတယ်။ အရှေ့စည်းရွာထဲကိုလည်း စစ်ကောင်စီတပ်တွေဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးသလို လက်နက်ကြီး ကျည်တွေကျလို့ နေအိမ်တွေ မီးလောင်ပျက်စီးတာတွေရှိတယ်။ စစ်ကောင်စီတပ်တွေ တပ်စွဲထားတာကြောင့် ကျနော်တို့လည်း ရွာကိုမပြန်ရဲသေးလို့ အိမ်ခြေဘယ်လောက်မီးလောင်ဆုံးရှုံပြီး ထိခိုက်ပျက်စီးတယ်ဆိုတာကို အတိကျမသိရသေးဘူး” လို့ စစ်ဘေးရှောင်နေတဲ့ အရှေ့စည်းရွာ ဒေသခံတယောက်က ပြောပါတယ်။

စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ သူတို့တပ်ဖွဲ့တွေ လုပ်တာမဟုတ်ဘဲ PDF တွေကို လက်ချက်ဖြစ်တယ်လို့ စွပ်စွဲပြောဆိုလေ့ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up