စွမ်းအင်ကဏ္ဍအပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး အိန္ဒိယနှင့် ဂျာမနီ သဘောတူ

ဂျာမနီမှာ နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ အိန္ဒိယဝန်ကြီးချုပ် နရိန်ဒြာမိုဒီနဲ့ ဂျာမန် အဓိပတိ အိုလော့ဖ်ရှိုးလ်တို့ မေ ၂ ရက်က ကြေညာလိုက်တဲ့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တွေထဲမှာ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကိစ္စတွေကနေ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍ၊ ဟိုက်ဒရိုဂျင် အသုံးပြုမှု ကိစ္စတွေအထိ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ပါတယ်။
လာမယ့် နှစ်တွေအတွင်း အိန္ဒိယနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ဂျာမန်ဘက်က ယူရိုငွေ ၁၀ ဘီလီယံအထိ လျာထားတယ်လို့ ဂျာမန်အဓိပတိက ကြေညာပါတယ်။။
နှစ်နိုင်ငံ ပူးပေါင်းဆောက်ရွက်သွားမယ်စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ ဂျာမနီဘက်က လာမယ့် နှစ်အနည်းငယ်အတွင်းမှာ ယူရိုငွေ ၁၀ ဘီလီယံအထိ ထည့်ဝင်သွားပါမယ်လို့ ဂျာမနီ အဓိပတိက ပြောသွားတာပါ။
အိန္ဒိယဝန်ကြီးချုပ် မိုဒီကလည်း အိန္ဒိယအနေနဲ့ အီးယူနဲ့ လွတ်လပ်တဲ့ ကုန်သွယ်ရေးကို အမြန်ဆုံး အကောင်အထည်ဖော်သွားဖို့ စိတ်ပိုင်းဖြတ်ထားတဲ့အကြောင်း ဂျာမနီဘက် ပူးပေါင်းဆောင်ရွက် မှုတွေကို ကြိုဆိုတဲ့အကြောင်း ပြောသွားပါတယ်။
အိန္ဒိယ ဝန်ကြီးချုပ် မိုဒီဟာ ဂျာမနီကနေ တဆင့်၊ ပြင်သစ်နဲ့ ဒိန်းမတ်ကို ခရီးဆက်ဖို့ ရှိပါတယ်။