close

ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ ယူ-၂၃ အသင်း ဗီယက်နမ်သို့ ကြိုတင်ရောက်ရှိ လေ့ကျင့်နေ

Photo - MFF ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာယူ-၂၃ အသင်း ဗီယက်နမ်နိုင်ငံတွင် လေ့ကျင့်စဉ်

ဆီးဂိမ်းဘောလုံးပြိုင်ပွဲယှဉ်ပြိုင်ဖို့ ဗီယက်နမ်ကို ရောက်ရှိနေတဲ့ မြန်မာယူ-၂၃   အမျိုးသားအသင်းဟာ မေ ၃ ရက်နေ့က လေ့ကျင့်မှုတွေ စတင်ပြုလုပ်ခဲ့ပါတယ်။ 

မြန်မာယူ-၂၃ အသင်းဟာ ဆီးဂိမ်းမတိုင်ခင် ယူအေအီးနိုင်ငံမှာ လေ့ကျင့်မှုတွေပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ ပြန်မလာတော့ဘဲ ဗီယက်နမ်နိုင်ငံကို တိုက်ရိုက်သွားရောက်ခဲ့တာပါ။ 

မေ ၁ ရက်က ဗီယက်နမ်နိုင်ငံ ဟမ်နွိုင်းမြို့ကို ရောက်ရှိခဲ့တဲ့ မြန်မာအသင်းဟာ ပြိုင်ပွဲဝင်နိုင်ငံတွေ အားလုံးထဲမှာ အစောဆုံးရောက်လာတဲ့အသင်း ဖြစ်ခဲ့ပါတယ်။ 

မေ  ၂ ရက်နေ့မှာ ထိုင်းလိဂ်မှာ ကစားနေတဲ့ ကစားသမား ၃ ဦးနဲ့ မလေးရှားလိဂ်က ၁ ဦး လာရောက် ပူးပေါင်းခဲ့ပြီးနောက် မေလ ၃ ရက်နေ့မှာ ကစားသမားအစုံအလင်နဲ့ လေ့ကျင့်မှုတွေ စတင်ပြုလုပ်ခဲ့တာပါ။ 

မြန်မာယူ -၂၃ အသင်းမှာ သက်ကျော်ကစားသမား ၇ ဦးအပါအဝင် စုစုပေါင်း ၂၉ ဦးပါဝင်ပြီး မေ ၅ ရက်နေ့မှာ အပြီးသတ်လူစာရင်းထုတ်ပြန်မယ်လို့ သိရပါတယ်။ 

မြန်မာအသင်းဟာ မေ ၈ ရက်နေ့မှာ အုပ်စုအဖွင့်ပွဲစဉ်အဖြစ်  အရှေ့တီမောအသင်းနဲ့ စတင်ယှဉ်ပြိုင်ရမှာပါ။ အဲဒီနောက် မေ ၁၀ ရက်မှာ ဖိလစ်ပိုင်၊ ၁၃ ရက်မှာ ဗီယက်နမ်၊ ၁၅ ရက်မှာ အင်ဒိုနီးရှားအသင်းတွေနဲ့ ဆက်လက်ယှဉ် ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up