close

မန္တလေးဆေးကျောင်း ပြန်တက်သူ များလာ

မန္တလေးတိုင်း  ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးဆေးတက္ကသိုလ် (UMM) မှာ ကျောင်းတက်သူ ဦးရေ နဲ့ ကျောင်းအပ်ထားတဲ့ ကျောင်းသားဦးရေဟာ တနေ့ထက်တနေ့ ပိုများလာတယ်လို့ ဆေးကျောင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

လက်ရှိ ကျောင်းအပ်တဲ့ ကျောင်းသားအများစုဟာ ၂၀၁၉ ခုနှစ်က တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ထားသူတွေဖြစ်ပြီး အခုနှစ်မှ ဆေးကျောင်းကို ပထမဆုံးတက်မယ့် သူတွေနဲ့ ကိုဗစ်- ၁၉ ကြောင့် ရပ်နားထားခဲ့ရတဲ့ foundation yearက သူတွေ အများဆုံးဖြစ်တယ်လို့လည်း ကျောင်းသားတွေက ပြောပါတယ်။

ဆေးတက္ကသိုလ်မန္တလေးက ကျောင်းသား၊ ကျောင်းသူတွေရဲ့ မိဘဖုန်းနံပါတ်တွေကို ဆက်သွယ်ပြီး ကျောင်းတက်ဖို့ တိုက်တွန်းနှိုးဆော်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

ကျောင်းသားမိဘတဦးက “ဆေး​ကျောင်း အပ်ထားပြီး တက်နေတဲ့သူ အ​ယောက် ၁၅၀ ​လောက်ရှိတယ်လို့ လာပြောကြတယ်။  ​​ဆေး​ကျောင်း ၇ နှစ်ကို သိန်း ၃၀၀ ပဲ ကျမှာ။ သူတို့လည်း သူတို့ သားကို သွားတက်ခိုင်းမယ်တဲ့” လို့ ပြောပါတယ်။

ဆေးတက္ကသိုလ် CDM ကျောင်းသားတဦးက “ဆေးကျောင်းတက်တဲ့သူ များလာတော့ အိမ်က မိဘကပါ စိတ်ပြောင်းလာတယ်။ အိမ်က မိဘကတော့ တက်တဲ့သူ အနည်းအများပေါ် အခြေအနေ အရ သုံးသပ်ပြီး အပ်သင့်၊ မအပ်သင့် ဆုံးဖြတ်မယ်လို့ ပြောတယ်” လို့ ပြောပါတယ်။

ဆေးတက္ကသိုလ်က CDM ကျောင်းသားတွေကတော့ ကျောင်းကောင်စီနဲ့ ဆေးကျောင်းက သက်ဆိုင်ရာ လူကြီးတွေကို ထိရောက်တဲ့ သတိပေးထုတ်ပြန်ချက်တွေပေးဖို့နဲ့ CDM ကျောင်းသားတွေ ပညာရေးထိခိုက်နစ်နာမှုမရှိအောင် ဖော်ဆောင်ပေးဖို့ ဆန္ဒရှိနေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up