close

ဘင်္ဂလားပင်လယ်အော်၌ အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း “အာစန်နီ(Asani)”တိုက်ခတ်နေ

ဘင်္ဂလားပင်လယ်အော်မှာ  အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “အာစန်နီ(Asani)” တိုက်ခတ်နေပြီး မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျား မယ့် အခြေအနေမရှိလို့ အဝါရောင်အဆင့် သတ်မှတ်ထားတယ်လို့ မိုးဇလက မေလ  ၉  ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီမနက် ၁၀ နာရီခွဲအချိန် တိုင်းထွာချက်အရ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “အာစန်နီ(Asani)”ဟာ အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊  ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းသို့ ရောက်ရှိခဲ့ကာ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယား အနောက်-အနောက်မြောက်ဘက် ရေမိုင်(၄၁၅)မိုင်ခန့်၊ ဗီဆာကာပတ္တနမ်မြို့ အရှေ့တောင်ဘက် ရေမိုင်(၂၇၅)မိုင်ခန့်၊ ပူရီမြို့ တောင်-အရှေ့တောင်ဘက် ရေမိုင်(၃၅၀)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ အနောက်-အနောက်တောင်ဘက် ရေမိုင် (၄၂၅)မိုင်ခန့်နဲ့ ဟိုင်းကြီးကျွန်းမြို့ အနောက်တောင်ဘက် ရေမိုင် (၅၀၀) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ဆိုပါတယ်။

အာစန်နီမုန်တိုင်းရဲ့ ဗဟိုချက်လေဖိအား (၉၈၉) ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင်  ၆၅ မိုင်မှ မိုင် ၇၀ နှုန်းရှိနိုင်တယ်လို့  မိုးဇလက ခန့်မှန်းတွက်ချက်ထားပါတယ်။

အာစန်နီမုန်တိုင်းဟာ အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး မေလ ၁၀ ရက် အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်း ကမ်းလွန်-ဩရိဿကမ်းခြေသို့ ရောက်ရှိနိုင်ကာ အဲဒီကတဆင့် မြောက်-အရှေ့မြောက်ဘက်သို့ကွေ့ပြီး ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းလွန်)သို့ရောက်ရှိကာ နောက် ၄၈ နာရီအတွင်း တဖြည်းဖြည်းအားလျော့သွား နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အာစန်နီမုန်တိုင်းအရှိန်ကြောင့် ဒီနေ့မနက်မှ မေလ ၁၃ ရက်အတွင်း  နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာ နိုင်တယ်လို့ခန့်မှန်းပါတယ်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမယ်၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေ တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့် ၈ ပေမှ ၁၂ ပေ ရှိနိုင်တယ်လို့ဆိုပါတယ်။

မုန်းတိုင်း အရှိန်ကြောင့် မိုးရွာသွန်း လေပြင်းတိုက် မိုးထစ်ချုန်းနိုင်လို့ ကြိုတင်သတိပြုနေထိုင်ကြဖို့နဲ့ ပြည်တွင်း လေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေ ကြိုတင်သတိပြုကြဖို့ အသိပေးနှိုးဆော်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up