close

ထိုင်းသို့ တရားမဝင်လာရောက်သည့် မြန်မာနိုင်ငံသားများ ဆက်တိုက်ဖမ်းဆီးခံရ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးမတည်ငြိမ်မှု စားဝတ်နေရေး လုံခြုံရေး အကျပ်အတည်းတွေကြောင့် နိုင်ငံသားအများအပြားဟာ အိမ်နီးချင်း ထိုင်းနိုင်ငံထဲ ဝင်ရောက်လုပ် ကိုင်ရှာဖွေစားသောက်ဖို့ ကြိုးစားနေပြီး နေ့စဉ်လိုလို အဖမ်းခံနေကြရပါတယ်။

ဒီကနေ့ မေ ၉ ရက်နေ့က ထိုင်း-မြန်မာနယ်စပ်တာ့ခ်ခရိုင်ထဲမှာ တရားမဝင်မြန်မာ ၅၆ ဦး ဖမ်းဆီးရမိခဲ့တယ်လို့  AEC အာစီယံထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

သူတို့တွေကို ဖုပ်ဖရမြို့နယ် ဝေါ်လေကျေးရွာအုပ်စု မော်ကေထိုင်းကျေးရွာအနီး တောအုပ်ထဲမှာ မတူတဲ့အချိန် မတူတဲ့နေရာ ၂ ခုကနေ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။ 

ပထမတစ်အုပ်စုမှာ အမျိုးသား ၂၄ ဦး အမျိုးသမီး ၈ ဦး ပေါင်း ၃၂ ဦးရှိပြီး ဒုတိယအုပ်စုမှာတော့ အမျိုးသား ၇ ဦး အမျိုးသမီး ၇ ဦးနဲ့ ကလေးငယ် ၁၀ ဦးတို့ ပါဝင်တယ်လို့ ဆိုပါတယ်။ 

မေ ၈ ရက် မနက်ပိုင်းကလည်း အဆိုပါ တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ် မဲ့အူးစုကျေးရွာအုပ်စု ထီးချွဲ့ခီကျေးရွာနားမှာ ကား ၂ စီးနဲ့အပြည့်လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၂၅ ဦးကို ဖမ်းမိတယ်လို့ ထိုင်းစစ်တပ်သတင်းမှာ ဖော်ပြပါတယ်။ 

မေလ ၈ ရက်နေ့က ချင်းမိုင်ခရိုင် ဖှန်မြို့နယ် မဲ့ငွန်းကျေးရွာအုပ်စု ဘန့်ထမ့်ကျေးရွာအနီး တော အုပ်ထဲမှာ ထိုင်းနိုင်ငံထဲကို ခြေလျင်လျှောက်ပြီး ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃၁ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း  အဆိုပါစစ်တပ်သတင်းက ဖော်ပြပါတယ်။ 

မေလ ၇ ရက်နေ့ကလည်း ထိုင်းတောင်ပိုင်း နာရာသီဝပ်ခရိုင်ထဲမှာ တရားမဝင်မြန်မာ ၈၉ ဦး ဖမ်းဆီးခံရတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

သူတို့ဟာ မြန်မာနိုင်ငံဘက်ကနေ တရားမဝင် ဝင်ရောက်လာပြီး မလေးရှားဆက်သွားဖို့ နာရာသီဝပ်ခရိုင် တာခ်ဘိုင်မြို့နယ် ကျေ့ဟေရပ်ကွက် ဆိုင်းထောင်းလမ်းထဲရှိ နေအိမ်အဟောင်းမှာ လာခေါ်မယ့်ကားကို စောင့်ဆိုင်းနေစဉ် တာဝန်ရှိသူတွေက ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ အဆိုပါ ၈၉ ဦးနဲ့ဆက်စပ်ပြီး သူတို့ကိုတင်ဆောင်ခဲ့တဲ့ ကား ၇ စီးလည်း သိမ်းဆည်းခံထားရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ 

မေလ ၆ ရက်မနက်မှာတော့ ပရကျုပ်ခီရီခန်ခရိုင်မှာ တရားမဝင် မြန်မာ ၁၄ ဦး တင်ဆောင်လာတဲ့ကား ၁ စီး သေနတ်ပစ်ခံရပြီး ၁ ဦးသေဆုံး ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up