close

ယူကရိန်းတောင်ပိုင်းမြို့ကို ရုရှားဒုဝန်ကြီးချုပ် လည်ပတ်

ရုရှားဒုဝန်ကြီးချုပ် မာရတ်ခုရှနူလင်ဟာ ရုရှားက သိမ်းပိုက်ထားတဲ့ ယူကရိန်းတောင်ပိုင်းက မာရီအူပယ်မြို့ကို လည်ပတ်ခဲ့တယ်လို့ သူ့ရဲ့ တယ်လီဂရမ် လူမှုကွန်ရက်ကနေ မေ ၈ ရက်မှာ ကြေညာပါတယ်။

သူဟာ ယူကရိန်းတောင်ပိုင်း ဆိပ်ကမ်းမြို့ကို ခြေချတဲ့ ရာထူးအမြင့်ဆုံး အစိုးရအရာရှိ ဖြစ်လာပါတယ်။

မာရီအူပယ်မြို့ဟာ ရုရှားက ၂၀၁၄ ခုနှစ်မှာ သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်၊ ရုရှားက ကျောထောက်နောက်ခံ ပေးထားတဲ့ ခွဲထွက်ရေးသူပုန်တွေ သိမ်းပိုက်ထားတဲ့ ယူကရိန်း အရှေ့ပိုင်း က ဒန်ညက်စ်နဲ့ လူဟန့်စ် ဒေသတွေနဲ့ ချိတ်ဆက်ဖို့ ရုရှားက ကြိုးစားနေတဲ့ အဓိကမြို့ပါ။

ဆောက်လုပ်ရေးနဲ့ မြို့ပြ ဖွံ့ဖြိုးရေးဆိုင်ရာ ဒုဝန်ကြီးချုပ်က ဒီမြို့ကို ပြန်တည်ဖို့ ဆောက်လုပ်ရေး ပစ္စည်းတွေ သယ်ရာမှာ ဆိပ်ကမ်းကို သုံးဖို့ ပြောခဲ့ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီး ဌာနရဲ့ ဇဗက်ဇ်ဒါ ရုပ်သံက ပြောပါတယ်။

ရုရှားက ကျောထောက်နောက်ခံ ပေးထားပြီး ဒန်ညက်စ်ပြည်သူ့သမ္မတနိုင်ငံလို့ တကိုယ်တော် ကြေညာထားတဲ့ ဒေသန္တရအကြီးအကဲ ဒန်းနစ် ပွတ်ရှီလင်နဲ့အတူ ရုရှားဒုဝန်ကြီးချုပ်က ဆိပ်ကမ်း ကို သွားရောက်လည်ပတ်နေပုံကိုလည်း ရုပ်သံက ပြသခဲ့ပါတယ်။

ယူကရိန်းကို ဖေဖော်ဝါရီ ၂၄ ရက်က စပြီး ကျူးကျော် တိုက်ခိုက်ခဲ့တဲ့ ရုရှားဟာ အချိန် ၂ လ လောက် ဝိုင်းထားအပြီး အာဇော့ဗ်ပင်လယ်ဆိပ်ကမ်းမြို့ မာရီအူပယ်ကို ထိန်းချုပ်နိုင်ပြီလို့ ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ ယူကရိန်း တိုက်ခိုက်ရေးသမားတွေက မြို့ရဲ့ အာဇော့ဗ်စတယ် သံမဏိစက်ရုံထဲမှာ ခြေကုပ်ယူထားဆဲ ဖြစ်ပြီး ရုရှားက စက်ရုံကို လက်နက်ကြီးတွေနဲ့ အပြင်းအထန် တိုက်ခိုက်နေ တုန်းပဲလို့ ယူကရိန်းစစ်တပ်က ပြောခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up