close

ဆီဈေးမြင့်တက်မှုကြောင့် နိုင်ဂျီးရီးယားလေကြောင်းလိုင်းများ ပြည်တွင်းခရီးစဉ် ရပ်နား

နိုင်ဂျီးရီးယားလေကြောင်းလိုင်းတွေဟာ လောင်စာဆီစျေး မြင့်တက်နေလို့ နောက်ထပ် အသိပေးစာ မထုတ်ပြန်မချင်း မေ ၉ ရက်က စပြီး ပြည်တွင်းလေကြောင်းခရီးစဉ်တွေကို ရပ်ထား လိုက်ပါတယ်။

လောင်စာဆီ ရှားနေလို့ မတ်လကစပြီး ပြည်တွင်းလေကြောင်းခရီးစဉ် တချို့ကို လေကြောင်းလိုင်း တချို့က ဖျက်သိမ်းထားခဲ့ပြီး တချို့ လေကြောင်းလိုင်းတွေကတော့ နှောင့်နှေးထားခဲ့တာပါ။

နိုင်ဂျီးရီးယားမှာ လေယာဉ်ဆီဟာ အချိန်တိုအတွင်း တလီတာကို နိုင်ဂျီးရီးယားငွေ နိုင်ရာ ၁၉၀ ကနေ နိုင်ရာ ၇၀၀ ထိ တက်သွားခဲ့တယ်လို့ နိုင်ဂျီးရီးယား လေကြောင်းလိုင်းများအသင်းက ​ပြောပါတယ်။

နိုင်ရာ ၇၀၀ ဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၉ ဒေါ်လာ နဲ့ ညီမျှပါတယ်။ ဒါကြောင့် ပျံသန်းချိန် တနာရီရှိတဲ့ လေကြောင်းခရီးစဉ်အတွက် နိုင်ရာ ၁၂၀,၀၀၀ ကုန်ကျနေတာကြောင့် တွက်ခြေမကိုက်ဘူးလို့လည်း အသင်းက ပြောပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်လို့ ရေနံစိမ်းစျေးကွက် ထိုးတက်သွားပြီးတဲ့နောက် တကမ္ဘာလုံး မှာ ဂျက်လေယာဉ်ဆီ စျေးနှုန်း ထိုးတက်ခဲ့တာပါ။ ဒါကြောင့် လေကြောင်းလိုင်းတွေရော ခရီးသည်တွေပါ ထိခိုက်ခဲ့ပါတယ်။

လေယာဉ်ဆီ စျေးနှုန်းကြောင့် အခက်အခဲတွေနဲ့ လေယာဉ် လက်မှတ်ခ ထိုးတက်လာတာတွေ အတွက် စိုးရိမ်တယ်လို့ နိုင်ဂျီးရီးယားလေကြောင်းဝန်ကြီးဌာနက ပြောပါတယ်။

ပြည်တွင်း၊ ပြည်ပ ခရီးသည်တွေအတွက် လေကြောင်းလိုင်း ပိတ်လို့ ဖြစ်လာမယ့် သက်ရောက်မှု တွေကို စဉ်းစားပေးဖို့ကိုလည်း လေကြောင်းလိုင်းတွေကို ဝန်ကြီးဌာနက မေတ္တာရပ်ခံ ထားပါတယ်။

ကုန်ကျစရိတ်ကြောင့် လေကြောင်းလိုင်းတွေကို ပိတ်ဖို့ အသင်းက အရင်တခါက ခြိမ်းခြောက်ခဲ့ပေမဲ့ အစိုးရရဲ့ ဘဏ္ဍာရေး အထောက်အပံ့ကြောင့် ခြိမ်းခြောက်မှုကို ရှောင်လွှဲနိုင်ခဲ့ ပါတယ်။

လေယာဉ်ဆီ ရှားပါးမှုကြောင့် ဒူဘိုင်းနဲ့ ဂျိုဟန်နာစဘတ် မြို့တွေဆီ ပျံသန်းနေတဲ့နိုင်ဂျီးရီးယားရဲ့ လူစီးအများဆုံး လေကြောင်းလိုင်း  Air Peaceက ခရီးစဉ် အနှောက်အယှက် ဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up