ဂျာမန်လွှတ်တော်ဥက္ကဋ္ဌ ယူကရိန်းသမ္မတနှင့် တွေ့ဆုံဆွေးနွေး

ဂျာမန်လွှတ်တော်ဥက္ကဋ္ဌဟာ ယူကရိန်းသမ္မတ ဗိုလိုဒိုမြာဇလန်းစကီးနဲ့ ယူကရိန်းမြို့တော် ကိယက်ဗ်က ဂိုရိုဒက်စကီ အိမ်တော်မှာ မေ ၈ ရက်က တွေ့ဆုံပါတယ်။
ဒါဟာ စစ်ဖြစ်နေဆဲ ယူကရိန်းကို ဂျာမနီရဲ့ အဆင့်မြင့်ဆုံး ဧည့်သည်တော် ရောက်လာတာပါ။ ဘတ်စ်ဟာ ယူကရိန်းကို ရုရှားက ကျူးကျော်မှုနဲ့ ပတ်သက်လို့ ယူကရိန်းသမ္မတနဲ့ရော ဝန်ကြီးချုပ်နဲ့ပါ ဆွေးနွေးဖို့နဲ့ ဒုတိယကမ္ဘာစစ်ရဲ့ ဓားစာခံတွေကို သတိရ အောက်မေ့ပွဲ တက်ရောက်ဖို့ ကိယက်မြို့တော်ကို ရောက်လာတာပါ။
ယူကရိန်းဆီ လက်နက်ကြီးတွေ ပို့ဖို့ မဲပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ ယူကရိန်းအတွက် လက်နက်ကြီးတွေ ရရေးဟာ ထိပ်တန်း ဦးစားပေးဖြစ်ကြောင်း ဇလန်းစကီးက ဘတ်စ်ကို ပြောပါတယ်။
ဥရောပတဝန်းမှာ ဒုတိယကမ္ဘာစစ်အတွင်း ဂျာမနီက မဟာမိတ်တပ်တွေကို တရားဝင် အရှုံးပေး လိုက်တဲ့ အထိမ်းအမှတ် အောင်ပွဲနေ့ကို ကျင်းပနေချိန်မှာ ယူကရိန်းကို မကောင်းဆိုးဝါး ပြန်ရောက်လာပြီလို့ ဇလန်းစကီးက မိန့်ခွန်းပြောခဲ့အပြီးမှာ ဂျာမနီ လွှတ်တော်ဥက္ကဋ္ဌနဲ့ တွေ့ဆုံပွဲ ဖြစ်လာခဲ့တာပါ။
ဂျာမန်အဓိပတိ အောလော့ဖ်ရွှိုက်ဇ်ကလည်း စစ်ပွဲနဲ့ပတ်သက်ပြီး တနင်္ဂနွေနှောင်းပိုင်းမှာ ကျင်းပမယ့် G7 အစည်းအဝေးမှာပါဝင် ဆွေးနွေးဖို့ မျှော်လင့်ထားပါတယ်။ ဂျာမနီဟာ ယူကရိန်းကို လက်နက်ကြီးတွေ ထောက်ပံ့ဖို့ သဘောတူထားပါတယ်။