လီဗာပူးတိုက်စစ်မှူး မာနေးကိုခေါ်ယူရန် အေးဂျင့်နှင့် ဘိုင်ယန်မြူးနစ်အသင်း ဆွေးနွေး

ဘိုင်ယန်မြူးနစ်အသင်းဟာ လီဗာပူးတိုက်စစ်မှူး မာနေးကို ခေါ်ယူနိုင်ဖို့အတွက် ကစားသမားရဲ့ အေးဂျင့်ဖြစ်သူနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။
ဆီနီဂေါတိုက်စစ်မှူးဟာ လာမယ့် ၂၀၂၃ ခုနှစ်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီးတဲ့နောက်မှာ လီဗာပူးကနေ ထွက်ခွာဖို့ရှိနေတာပါ။
မာနေးရဲ့ အေးဂျင့်ဖြစ်သူ ဘက်ဇီမာဟာ ဘိုင်ယန်မြူးနစ်အသင်း အားကစားဒါရိုက်တာ ဟက်ဆန် ဆာလီ ဟမ်မစ်ဇစ်နဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ စကိုင်းစပေါ့ ဂျာမနီသတင်းထောက် ပလက် တန်ဘက်ချ်က ရေးသားခဲ့ပါတယ်။
စတုဂတ်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ် အပြီးမှာလည်း ဘိုင်ယန်အားကစားဒါရိုက်တာက မာနေးကို အဓိကပစ်မှတ်ထားခေါ်ယူဖို့ လုပ်ဆောင်မယ်လို့ ပြောခဲ့ပြီး ဖြစ်နိုင်သမျှ အရာတွေကို လုပ်ဆောင်သွားမယ်လို့ ဆိုခဲ့ပါတယ်။
လီဗာပူး တိုက်စစ်မှူး မာနေးအပြင် ဆာလာနဲ့ ဖေမီနိုတို့ဟာလည်း ၂၀၂၃ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပါတယ်။
လီဗာပူးအသင်းအနေနဲ့ လာမယ့်ရာသီစတင်ချိန်မှာ သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်မှသာ အဆိုပါကစားသမားတွေကို ဆက်ထိန်းနိုင်မှာဖြစ်ပါတယ်။