close

ဗီလာရီးရဲလ်ကို အနိုင်ယူပြီး လီဗာပူးအသင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲတက်ရောက်

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ဗီလာရီးရဲလ်နဲ့ လီဗာပူးတို့ မနေ့ညက ယှဉ်ပြိုင်ရာ လီဗာပူးက ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရပြီး နောက်ဆုံးဗိုလ်လုပွဲကို တက်လှမ်းသွားပါတယ်။

ဒီနှစ်သင်း အင်္ဂလန်မြေမှာ ပထမအကျော့ ကန်ခဲ့တုန်းကလည်း လီဗာပူးအသင်းကပဲ ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့လို့ နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

နှစ်သင်းစလုံး အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်ခဲ့သလို အပြန်အလှန် သွင်းဂိုးတွေနဲ့ ကြည့်ကောင်းတဲ့ပွဲတပွဲ ဖြစ်ခဲ့ပါတယ်။

အိမ်ရှင် ဗီလာရီးရဲလ်အသင်းဟာ ပထမအကျော့က အရှုံးကို ချေဖျက်နိုင်ရေး ပွဲစကတည်းက တိုက်စစ်ဖွင့်ပြီး ကစားခဲ့လို့ ဦးဆောင်ဂိုးတွေလည်း ရခဲ့ပါတယ်။

ဗီလာရီးရဲလ်အတွက် ပွဲအစ ၃ မိနစ်မှာပဲ ဒီယာက အနီးကပ်ပိတ်သွင်းပြီး ဦးဆောင်ဂိုး ရယူပေးခဲ့သလို ပွဲချိန် ၄၁ မိနစ်မှာ ကိုကွီလင်က ခေါင်းတိုက်ပြီး ဒုတိယဂိုး သွင်းနိုင်ခဲ့လို့ ပထမအပိုင်းအပြီးမှာ ဗီလာရီးရဲလ်အသင်းက ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ လီဗာပူးအသင်းဟာ တိုက်စစ်မှာ ဂျိုတာအစား လူးဝစ္စဒီယက်ဇ်နဲ့ လူစားလဲပြီးနောက် ကစားပုံ ပိုကောင်းလာသလို ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ရယူနိုင်ခဲ့ပြီး ပွဲချိန် ၆၂ မိနစ်မှာ ဖာဘင်ဟို၊ ၆၇ မိနစ်မှာ လူစားဝင်တိုက်စစ်မှူး ဒီယက်ဇ်နဲ့ ၇၄ မိနစ်မှာ မာနေးတို့က အသီးသီး သွင်းယူပေးခဲ့ပါတယ်။

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် နောက်ပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးတို့ ဒီနေ့ည ဆက်လက်ယှဉ်ပြိုင်ရမှာပါ။

ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲကိုတော့ လာမယ့် မေ ၂၉ ရက်နေ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပမှာဖြစ်ပြီး အင်္ဂလန်အသင်း နှစ်သင်း တွေ့ဆုံမလား၊ အင်္ဂလန်ကလပ်နဲ့ စပိန်ကလပ်တို့ပဲ ဗိုလ်လုရမလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up