လီဗာပူးတိုက်စစ်မှူး မာနေးကဲ့သို့ ခြေစွမ်းအဆင့်အတန်းရှိကြောင်း စိန့်မက်ဆီမင် ပြော

လီဗာပူးတိုက်စစ်မှူး မာနေးလို ခြေစွမ်းအဆင့်အတန်း ရှိတယ်လို့ နယူးကာဆယ် တောင်ပံကစားသမား စိန့်မက်ဆီမင်က ပြောပါတယ်။
ပြင်သစ်တောင်ပံတိုက်စစ်မှူးဟာ အခုနှစ်ရာသီမှာ နယူးကာဆယ်အတွက် ၅ ဂိုးသွင်းပြီး ၄ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားပါတယ်။
ပိုကောင်းတဲ့ အသင်းဖော်တွေနဲ့သာ တွဲဖက်ကစားခွင့်ရမယ်ဆိုရင် လီဗာပူးတိုက်စစ်မှူး မာနေးလို ခြေစွမ်းအဆင့်အတန်းမျိုး ရရှိနိုင်တယ်လို့ စိန့်မက်ဆီမင်က ပြောခဲ့တာပါ။
“ခြေစွမ်းနဲ့ပတ်သက်ရင် ကျနော့်အနေနဲ့ မာနေးကို မနာလိုစရာမရှိဘူးဆိုတာ ကျနော်နဲ့ တွဲဖက်ကစားခဲ့တဲ့ ကစားသမားတိုင်း သိပါတယ်။ ကျနော် အခွင့်အရေး ဖန်တီးနိုင်ခဲ့တာတွေကိုသာ အသင်းဖော်တွေက အသုံးချနိုင်မယ်ဆိုရင် သွင်းဂိုး ၁ဝ ဂိုးနဲ့ ဖန်တီးမှု ၁၅ ကြိမ်လောက်ကို နှစ်စဉ် ပြုလုပ်ပေးနိုင်ပါလိမ့်မယ်။ ဒါဆိုရင် ကျနော့်ရဲ့နာမည်ဟာလည်း လူတွေရဲ့စိတ်ထဲမှာ ချီးကျူးစရာ ဖြစ်လာလိမ့်မယ်” လို့ စိန့်မက်ဆီမင်က ပြောပါတယ်။
အသက် ၂၅ နှစ်ရှိ ပြင်သစ်ကစားသမားဟာ နယူးကာဆယ်အသင်းရဲ့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံထားရပါတယ်။
လီဗာပူးတိုက်စစ်မှူး မာနေးက ပရီးမီးယားလိဂ်မှာ ၁၄ ဂိုး သွင်းထားပေမဲ့ အသင်းဖော်ချင်း ယှဉ်ရင်တော့ မာနေးက ကစားသမားကောင်းတွေနဲ့ တွဲဖက်ကစားနေရတာကို စိန့်မက်ဆီမင်က ရည်ညွှန်းခဲ့တာဖြစ်ပါတယ်။