close

နယူးကာဆယ်နှင့်ပွဲတွင် အာဆင်နယ်အခက်တွေ့နိုင်ကြောင်း စပါးနည်းပြကွန်တီ သုံးသပ်

နယူးကာဆယ်အသင်းနဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းအခက်တွေ့နိုင်ပြီး အနိုင်ရဖို့ လွယ်ကူမှာ မဟုတ်ကြောင်း စပါးနည်းပြကွန်တီက ပြောပါတယ်။ 

စပါးအသင်းဟာ မနေ့ကပွဲစဉ်မှာ ဘန်လေကို ဟာရီကိန်းရဲ့ပင်နယ်တီသွင်းဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် အာဆင်နယ်ထက်တပွဲပိုကစားပြီး အဆင့်လေးနေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ 

ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် အာဆင်နယ်အသင်းရဲ့ရလဒ်ကို စောင့်ကြည့်ရမယ့်အခြေအနေမှာ နည်းပြကွန်တီက အာဆင်နယ်ခြေချော်လိမ့်မယ်လို့ သုံးသပ်ခဲ့တာပါ။ 

“ဘန်လေနဲ့ပွဲကအနိုင်ရလဒ်က အရေးပါခဲ့တယ်။ ဘာဖြစ်လို့ဆိုတော့ အာဆင်နယ် အသင်းကို ဖိအားတချို့ပေးရမှာဖြစ်လို့ပါပဲ။ သူတို့ကစားရမယ့် နယူးကာဆယ်အသင်းဆိုတာက ပိုင်ရှင် သစ်အပြောင်းအလဲ ဖြစ်ပြီးနောက်ပိုင်းမှာ ကောင်းမွန်လာတာကြောင့် လွယ်ကူတဲ့ပွဲစဉ်ဖြစ်မှာ မဟုတ်ဘူး။ ကျနော် အဲဒီပွဲစဉ်ကိုစောင့်ကြည့်သွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဘောလုံးကို ချစ်မြတ်နိုးတာကြောင့်ဖြစ်သလို အဲဒီပွဲကိုလည်းစောင့်ကြည့်ရင်း ခံစားကြည့်ချင်တဲ့အတွက်ဖြစ်တယ်” လို့ စပါး နည်းပြကွန်တီက ပြောပါတယ်။ 

ဘန်လေနဲ့ပွဲမတိုင်ခင်မှာ ဂိုးသမားဟူဂိုလိုရစ်နဲ့ ကူလူဆက်စကီး တို့အပါအဝင် ကစားသမားတချို့ဖျားနာမှုနဲ့ အစာအိမ်ပြဿနာတွေရှိခဲ့လို့ ကြံ့ခိုင်မှုအပြည့်မရခဲ့ပေမယ့် ကစားသမားတွေရဲ့ ပရော်ဖက်ရှင်နယ်ပီသမှုကြောင့် နိုင်ပွဲရခဲ့တာလို့ နည်းပြကွန်တီက ချီးကျူးခဲ့ပါတယ်။

//
Up