၂၀၁၂ ခုနှစ်က မန်စီးတီး ချန်ပီယံဖြစ်ရေး ကျူပီအာအသင်း ကူညီပေးခဲ့ဟု ရွန်းနီ သုံးသပ်

၂၀၁၂ ခုနှစ်က ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်မှာ မန်စီးတီးအသင်း ချန်ပီယံဖြစ်ဖို့အတွက် ကျူပီအာအသင်းက ကူညီပေးခဲ့တယ်လို့ မန်ယူတိုက်စစ်မှူးဟောင်း ရွန်နီက ပြောပါတယ်။
မန်စီးတီးဟာ အဲဒီအချိန်က ချန်ပီယံဆုအတွက် မန်ယူအသင်းနဲ့အပြိုင် နောက်ဆုံးအချိန်အထိ အကြိတ်အနယ်ကစားခဲ့ရတာပါ။ ကျူပီအာနဲ့နောက်ဆုံးလိဂ်ပွဲစဉ်မှာ နာကျင်အချိန်ပိုရောက်မှ ဂျက်ကို နဲ့ အဂွဲရိုးတို့က ချေပဂိုးနဲ့ အနိုင်ဂိုးတွေသွင်းယူနိုင်ခဲ့ကြတာပါ။
အဲဒီပွဲအနိုင်ရလဒ်ကြောင့် မန်ယူအသင်းနဲ့အမှတ်တူပေမယ့် ဂိုးကွာခြားချက်အသာနဲ့ မန်စီးတီးအသင်း ချန်ပီယံဖြစ်ခဲ့တာပါ။
ကျူပီအာနဲ့ပွဲစဉ်မှာ တိုက်စစ်မှူး အဂွဲရိုးသွင်းယူခဲ့တဲ့ အနိုင်ဂိုးအပါအဝင် သွင်းဂိုးအများစုမှာ ဂိုးသမား ပက်ဒီကမ်နီအနေနဲ့ ပိုကောင်းတဲ့ကာကွယ်မှုလုပ်နိုင်ခဲ့သင့်ကြောင်း ဝိန်းရွန်နီက ပြောပါတယ်။
“စီးတီးက ဒုတိယဂိုးရသွားတော့ ကျူပီအာအသင်းက သူတို့ကိုပြန်လည်ကူညီပေးတာက တခါမှ မေးခွန်းထုတ်ခံရခြင်းမရှိခဲ့ပါဘူး။ ကျနော်ကတော့ ထူးဆန်းတဲ့အချက်ကို တွေ့ခဲ့တယ်။ ပွဲလည်း ပြီးဆုံးသွားတော့ ကျူပီအာ ကစားသမား ဆစ်ဆေးဟာ စီးတီးကစားသမားတွေနဲ့အတူ အောင်ပွဲခံခဲ့တယ်။ ဂိုးသမား ပက်ဒီကမ်နီအနေနဲ့လည်း ပိုကောင်းတဲ့ ကာကွယ်မှုတွေ လုပ်ဆောင်ခဲ့သင့်ပါတယ်” လို့ ဝိန်းရွန်နီက ပြောပါတယ်။
ဒါပေမဲ့ ပွဲပြီးခါနီးမှာသွင်းယူခဲ့တဲ့ ဂိုးကတော့ ပရီးမီးယားလိဂ်သမိုင်းမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အခိုက်အတန့်ဖြစ်တယ်လို့ ဝိန်းရွန်နီက မှတ်ချက်ပေးခဲ့ပါတယ်။