close

ချီကာဂို ပစ်ခတ်မှုအတွင်း ၂ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရ

အမေရိကန်နိုင်ငံ ချီကာဂိုရဲ့ အမြန်စား စားသောက်ဆိုင်ရဲ့ အပြင်ဘက်မှာ ခိုက်ရန်ဖြစ်ပွားမှုအတွင်း သေနတ်ပစ်ခတ်ခဲ့တဲ့  သံသယရှိသူတဦးကို ရှီကာဂိုရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ အာဏာပိုင်တွေက ပြောကြောင်း ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။ 

မေလ ၁၉ ရက် ညပိုင်းက မြို့ရဲ့ Magnificent Mile စျေးဝယ်နေရာအနီးက McDonald's ဆိုင်ရဲ့ အပြင်ဘက်မှာ သေနတ်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အနည်းဆုံး လူနှစ်ဦး သေဆုံးပြီး ဆယ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ 

အခင်းဖြစ်ပွားရာနေရာမှာ သေနတ်တလက် သိမ်းဆည်းရမိခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ချီကာဂိုရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Tom Ahern က ပြောပါတယ်။ သေဆုံးသူတွေရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ 

ဒဏ်ရာရသူတွေကို ဒေသတွင်း ဆေးရုံတွေဆီ ပို့ဆောင်ပေးခဲ့ပြီး အသည်းအသန် အခြေအနေ ရှိတယ်လို့ Chicago Sun-Times သတင်းမှာ ဖော်ပြထားပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကလည်း အဲဒီနေရာမှာ ဆယ်ကျော်သက်တွေ ပါဝင်တဲ့ လူအသေအပျောက် ရှိခဲ့တဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက်မှာ မေ ၁၉ ရက်ကနေ မေလ ၂၂ ရက် ညနေ ၆ နာရီနောက်ပိုင်း မြို့တော်ရဲ့ မီလန်နီယမ်ပန်းခြံကနေ အဖော်မပါတဲ့ အရွယ်မရောက်သေးသူတွေကို တားမြစ်ထားတယ်လို့ မြို့တော်ဝန် Lightfoot က ပြောပါတယ်။

တခြားအမေရိကန်မြို့ကြီးတွေလိုပဲ ချီကာဂိုမြို့ဟာ ၂၀၂၀ ခုနှစ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု စတင်ကတည်းက လူအသေအပျောက်များတဲ့ အကြမ်းဖက်မှုတွေ မြင့်တက်လာတာကို မြင်တွေ့ခဲ့ရပါတယ်။ 

//
Up