ယီမင်မြို့တော်တွင် ဟူသီတပ်က သူလျှိုဒရုန်းယာဉ်ကို ပစ်ချ၊ လူ ၃ ဦး သေဆုံး

ယီမင်နိုင်ငံရဲ့ မြို့တော် ဆာနာမှာ ဟူသီတပ်တွေက ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ရဲ့ သူလျှိုဒရုန်းယာဉ်ကို ပစ်ချအပြီး လူ ၃ ယောက် သေဆုံးတယ်လို့ ဟူသီ အရာရှိတွေနဲ့ ဆေးဘက် သတင်းရင်းမြစ်တွေက မေ ၂၃ ရက်မှာ ပြောပါတယ်။
ယီမင် ကုန်တိုက်တန်းနားမှာ ဒရုန်းယာဉ်ရဲ့ အပျက်အစီးတွေကို ရိုက်တာသတင်းဌာန ရုပ်သံတွေက ပြထားပါတယ်။
"ပျက်ကျဒရုန်းယာဉ်ဟာ ကံဆိုးစွာနဲ့ အရပ်သားတွေပေါ်ကို ကျခဲ့တယ်။ ဒါဟာ စီးပွားရေးအရ အရောင်းအဝယ်လုပ်တဲ့နေရာပါ" လို့ ဒေသခံတယောက်က အခင်းဖြစ်ရာ နေရာမှာ ပြောပါတယ်။
ဆာနာမြို့တော် အခြေစိုက် ဟူသီအုပ်ချုပ်ရေးရဲ့ ကျန်းမာရေးဝန်ကြီးက တခြား လူ ၃ ယောက်လည်း ဒဏ်ရာရတယ်လို့ ပြောခဲ့ကြောင်း ဟူသီတွေရဲ့ တရားဝင် သတင်းဌာနက ပြောပါတယ်။
ဒရုန်းယာဉ်ရဲ့ အစအနတွေက လူ ၆ ယောက်ကို ထိမှန်ခဲ့ပြီး ၃ ယောက် သေဆုံးတယ်လို့ ဆေးဘက်သတင်းရင်းမြစ် ၃ ရပ်က ပြောပါတယ်။
စစ်ဖြစ်နေတဲ့ နှစ်ဖက်စလုံးကြား ရှားရှားပါးပါးရှိတဲ့ ဇွန်လ ၂ ရက်မှာ အဆုံးသတ်မယ့် အပစ်အခတ် ရပ်စဲရေးကာလအတွင်း ခုလို ဖြစ်ခဲ့တာပါ။
ယီမင်နိုင်ငံဆိုင်ရာ ကုလအထူးသံတမန်ကတော့ အပစ်အခတ် ရပ်စဲရေးကို သက်တမ်းတိုးဖို့ ကြိုးစားနေပါတယ်။
ယီမင်စစ်ပွဲကြောင့် လူထောင်သောင်းချီ သေဆုံးပြီး ဆိုးရွားတဲ့ လူသားချင်းစာနာမှု အကျပ်အတည်း ဆိုက်နေပါတယ်။