ကျောက်တော်မြို့မှ စစ်ကောင်စီတပ်သား ၃ ဦး ထွက်ပြေး၊ အေအေဘက်သို့ ၁ ဦးခိုလှုံ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ မဟာမုနိဘုရားပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားသုံးဦး မေ ၂၂ ရက်က ထွက်ပြေးသွားခဲ့ကြပြီး တဦးမှာ အေအေဘက် ခိုလှုံသွားတယ်လို့ ကျောက်တော်မြို့ ဒေသခံတွေက ပြောပါတယ်။
“ဟုတ်တယ်။ သူတို့သုံးဦးက မေလ ၂၂ ရက်နေ့ကတည်းက ထွက်ပြေးသွားကြတာလို့ သိရတယ်။ ကျနော်တို့ကတော့ ဒီနေ့မှပဲ အတိအကျ သိရတာ။ လက်နက်တွေတော့ ယူမသွားကြဘူးလို့တော့ သိတယ်ဗျ" လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ ကျောက်တော်ဒေသခံတဦးက ပြောပါတယ်။
အေအေဘက် ခိုလှုံသွားသူဟာ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ ကုန်းကြီးကျေးရွာမှ အသက် ၃၀ အရွယ် ဒုတပ်ကြပ် ကံကောင်း၊ ကိုယ်ပိုင်အမှတ် ၄၃၇/၂၁၅ ဖြစ်ပြီး ရှမ်းပြည်နယ် တောင်ကြီးအခြေစိုက် တပ်မ ၅၅ မှဖြစ်ကာ ရခိုင်မှာ တာဝန်ကျနေတာ ၃ လခန့်ရှိပြီး မဟာမုနိဘုရားပေါ်မှာ တာဝန်ကျနေတာ ၁ လလောက်ပဲ ရှိသေးတယ်လို့ မဟာမုနိဘုရားအနီး နေထိုင်တဲ့ ဒေသခံတွေဆီက သိရပါတယ်။
သူနဲ့အတူ ထွက်ပြေးခဲ့တဲ့ နောက်ထပ် စစ်သား ၂ ဦးကတော့ ဘယ်နေရာကို ထွက်ပြေးသွားတယ်ဆိုတာ မသိဘူးလို့ ဆိုပါတယ်။
နိုင်ငံရေးလေ့လာသူတဦးက “အနာဂတ်မှာတော့ စစ်ကောင်စီတပ်သားတွေ ဒီလို ထွက်ပြေးကြပြီး လက်နက်ကိုင်တပ်ဖွဲတွေဆီ ခိုလှုံသွားနိုင်တဲ့ အနေအထား ရှိနေတယ်" လို့ သုံးသပ်ပါတယ်။