close

တိုကျိုတွင်ကျင်းပသည့် Quad ထိပ်သီးအစည်းအဝေးကို ဂျပန်လူထု ဆန္ဒပြ

လေးပွင့်ဆိုင် လုံခြုံရေးဆွေးနွေးပွဲ (Quad) ရဲ့ နိုင်ငံလေးခုက ခေါင်းဆောင်တွေ ဂျပန်နိုင်ငံ မြို့တော်တိုကျိုမှာ လူချင်းတွေ့ဆုံ ကျင်းပနေတဲ့ ထိပ်သီးအစည်းအဝေးကို ဆန့်ကျင်တဲ့ လူထုဆန္ဒပြပွဲ မေ ၂၄ ရက်က ဆက်လက် ဖြစ်ပွားခဲ့ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ခရီးစဉ်နဲ့ အမေရိကန်၊ ဂျပန်၊ အိန္ဒိယနဲ့ သြစတြေးလျတို့ ပါဝင်တဲ့ Quad အဖွဲ့ရဲ့ထိပ်သီးအစည်းအဝေးကိုပါ ဆန့်ကျင်တဲ့အနေနဲ့ ဒီရက်ပိုင်းအတွင်းမှာပဲ ဂျပန်နိုင်ငံတဝန်းက ရာနဲ့ချီတဲ့လူတွေဟာ တိုကျိုမြို့ရဲ့ လမ်းမတွေပေါ်ထွက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဒီအစည်းအဝေးဟာ အာရှ-ပစိဖိတ်ဒေသမှာ တရုတ်ကို သီးခြားခွဲထုတ်မယ့် ဝါရှင်တန်ရဲ့ကြိုးပမ်းမှု တစိတ်တပိုင်းအဖြစ် ကျယ်ကျယ်ပြန့်ပြန့် မြင်တွေ့ရတာကြောင့် ဆန္ဒပြကြတာပါ။

Quad နိုင်ငံ ထိပ်သီးခေါင်းဆောင်တွေဟာ လူချင်းတွေ့ဆုံ ထိပ်သီးဆွေးနွေးပွဲအပြီး မေ ၂၄ ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ကာ ခြိမ်းခြောက်ခြင်း သို့မဟုတ် အင်အားသုံးခြင်းအစား အငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရာမှာ ပံ့ပိုးပေးဖို့ တောင်းဆိုထားပါတယ်။

ဒါပေမဲ့ ဆန္ဒပြသူတွေကတော့ အတွင်းစည်းထဲက စစ်ပွဲအတွက် ထိပ်သီးအစည်းအဝေး လုပ်နေတာလို့ ယူဆကြတာပါ။

ဂျပန်ဟာ စစ်ပွဲတွေစတင်ဖို့ ရည်ရွယ်တဲ့ လှုပ်ရှားမှုတွေမှာ အမေရိကန်နဲ့ ပူးပေါင်းပြီးတော့ သူ့ရဲ့ကတိကို လိုက်နာဖို့ ပျက်ကွက်ခဲ့ကြောင်း ဂျပန်ပြည်သူတချို့က ‌မှတ်ချက်ချပါတယ်။

ဆန္ဒပြသူတချို့ကတော့ အမေရိကန် ဦးဆောင်တဲ့ Quad အဖွဲ့ဟာ အမေရိကန်ရဲ့ လွှမ်းမိုးချုပ်ကိုင် ဦးဆောင်မှုကို ထိန်းသိမ်းဖို့ လက်နက်တခုအဖြစ် လုပ်ဆောင်နေတာဖြစ်ပြီး ဒေသတွင်း တည်ငြိမ်ရေးကို ခြိမ်းခြောက်နေတယ်လို့ ယူဆကြပါတယ်။

"နိုင်ငံတကာ အသိုင်းအဝိုင်းမှာ စီးပွားရေးနဲ့ စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်မှု အမျိုးမျိုးကို ပြင်းထန်လာစေမယ့် သီးသန့်ကလပ် အဖွဲ့လေးတွေ ဖွဲ့နေတဲ့ လမ်းကြောင်းတခု ပေါ်နေပါတယ်။ ဒီလိုအပြုအမူတွေကို ရပ်တန့်ပြီးတော့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေချင်တယ်။ စစ်ပွဲတွေဖြစ်အောင် ရန်စတဲ့ လုပ်ရပ်မှန်သမျှကို ဆန့်ကျင်ပါတယ်" လို့ ဆန္ဒပြသူတဦးက ပြောပါတယ်။

"ဂျပန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်အပြီးမှာ ဂျပန်က စစ်ပွဲတွေ မစတင်တော့ဘဲ ငြိမ်းချမ်းတဲ့နိုင်ငံ ဖြစ်လာမယ်လို့ ကတိပြုခဲ့ပေမဲ့လည်း ကတိကဝတ်တွေကို အဆက်မပြတ် ဖောက်ဖျက်နေတယ်" လို့ နောက်ထပ် ဆန္ဒပြသူတဦးက ပြောပါတယ်။

ဆန္ဒပြသူတဦးကလည်း "အမေရိကန်က ကမ္ဘာကို အုပ်စိုးဖို့နဲ့ သူ့ရဲ့ဩဇာလွှမ်းမိုးမှုကို ထိန်းထားဖို့ ရည်ရွယ်ပြီးတော့ 'Quad' အဖွဲ့ကို ဟန်ပြလုပ်ထားတာ ဖြစ်ပြီးတော့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ငြိမ်းချမ်းရေးကို မြှင့်တင်တာ မဟုတ်ပဲ စစ်ပွဲတွေဆင်နွှဲဖို့ ရည်ရွယ်ချက်နဲ့ စစ်တပ်ကို ချထားတာ" လို့ ပြောပါတယ်။

ဆန္ဒပြသူ နောက်တဦးက "သူတို့ဟာ တကယ့်ကို ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်လို့ ဆိုရင် ဒီ 'Quad' ရဲ့ လုပ်ငန်းစဉ်တွေကို ချက်ချင်း ဖြုတ်ချသင့်တယ်၊ အခု အမေရိကန်က နေတိုးရဲ့ အရှေ့ဘက်ကို ချဲ့ထွင်ဖို့ တွန်းအားပေးနေတာဖြစ်တယ်၊ ဒီလိုလုပ်နေတာတွေကို ရပ်တန့်စေချင်တယ်၊ ဒါဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ အရေးကြီးတယ်" လို့ ပြောကြားခဲ့ပါတယ်။

//
Up