close

NUG ထံမှ လက်နက်အထောက်အပံ့ ပိုမိုရရှိရန် မျှော်လင့်ကြောင်း YDF တာဝန်ရှိသူပြော

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဆီက လက်နက်အထောက်အပံ့တွေပိုရဖို့ မျှော်လင့်တယ်လို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ် YDF တာဝန်ရှိသူက ပြောပါတယ်။ 

မကွေးတိုင်း၊ ယောဒေသ၊ ထီးလင်း၊ ဆော၊ ကျောက်ထု၊ ဂန့်ဂေါမြို့နယ်တွေမှာ အတိုင်းအတာတခုအထိ နယ်မြေလွှမ်းမိုးထားနိုင်တဲ့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ် YDF ရဲ့ နှစ်ပတ်လည်နေ့အခမ်းအနားကို မေ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ 

လက်နက်ကိုင်တော်လှန်ရေးအစောပိုင်းကာလတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဆီက အထောက်အပံ့တွေ မရခဲ့သလို ချိတ်ဆက်နိုင်မှုအားနည်းခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ လက်နက်အထောက်အပံ့တချို့ ရရှိထားပြီလို့ YDF ခေါင်းဆောင် ကိုမြတ်သူက ပြောပါတယ်။ 

YDF အနေနဲ့ နိုင်ငံတကာစစ်စည်းကမ်းတွေ၊ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မူဝါဒတွေနဲ့အညီ ရှေ့ဆက်သွားမှာဖြစ်ပြီး NUG ဆီက လက်နက်အထောက်အပံ့တွေ ပိုရဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

ယောဒေသပြည်သူ့ကာကွယ်ရေးတပ် (YDF) ခေါင်းဆောင် ကိုမြတ်သူက “NUG ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ကျနော်တို့ YDF ကို လက်နက်ထောက်ပံ့မှုအနည်းငယ်ရှိပါတယ်။ ဆက်ပြီးမှ ထောက်ပံ့မယ်လို့ မျှော်လင့်ပါတယ်။ NUG က ကျနော်တို့အစိုးရလို့လည်း ခံယူထားပြီးဖြစ်တယ်။ ဒါကြောင့်မို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ညွှန်ကြားချက်တွေကို ကျနော်တို့ YDF က လိုက်နာဆောင်ရွက်သွားမှာပါဗျ” လို့ ပြောပါတယ်။

စစ်တပ်က စစ်ကြောင်းတွေ ဆက်တိုက်ထိုးနေတာကြောင့် အခုမေလအတွင်း စစ်ကိုင်းတိုင်းမှာ အဆိုးဆုံးအခြေအနေတွေနဲ့ ပြည်သူတွေရင်ဆိုင်နေရတာပါ။ မိုးဦးကျ မိုးမြေပဲရာသီချိန်ဖြစ်ပေမယ့် မျိုးမြေပဲတွေ ဖျက်ဆီးခံရတာ၊ သွင်းအားစုဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေးဖိုးမရှိတာ၊ အချိန်မရွေး ပြေးနေရတာတွေကြောင့် စိုက်ပျိုးရေးဘက်ကို တောင်သူတွေ မလှည့်နိုင်ကြတော့ဘူးလို့ ကနီ ပအဖ တာဝန်ရှိသူတယောက် ပြောပါတယ်။

“သူတို့လာရင်တော့ ပြည်သူတွေက ဒုက္ခရောက်တာပေါ့။ မိုးရွာထဲမှာ ပြေးလိုက်လွှားလိုက်။ သက်ကြီးရွယ်အိုတွေ နေပူလိုက် မိုးရွာလိုက်နဲ့ ကျန်းမာရေးတွေက ထိခိုက်နေပြီ။ တော်တော်လေးကို ဆိုးတာပေါ့။ သူတို့က ပစ်ခတ်မှုတွေမရှိလည်းပစ်တယ်၊ ရှိလည်းပစ်တယ်။ အခု အထက်ကင်းဆိုရင် ပစ်ခတ်မှုတခုမှ မရှိဘူးဗျ။ မရှိဘဲနဲ့ ရွာကို လက်နက်ကြီးတွေနဲ့ ပစ်ပြီးတော့မှ ခြိမ်းခြောက်ပြီးတော့ သူတို့တက်သွားတာ။ လိုချင်တာတွေ အကုန်ယူပြီးတော့မှ မီးရှို့သွားတာပဲ။ သူတို့က ဒီလိုလုပ်နေရင် ကျနော်တို့က စိုက်ရေးပျိုးရေး ဘယ်ပြင်ဆိုင်နိုင်မလဲ။ ရှောင်ရတိမ်းရတာနဲ့က အလုပ်ကရှုပ်နေတာ။ ဒီအချိန်မှာ အခု မိုးမြေပဲရာသီ။ မိုးမြေပဲစိုက်ပျိုးပြီးတော့မှ ပေါင်းသတ်ဆေးတွေဖြန်းပြီး ပေါင်းသင်တဲ့ကာလတွေဖြစ်နေတာ။ ဒီလောက်ကို မလုပ်နိုင်တော့ဘူး ကျနော်တို့တောင်သူတွေက။ မလုပ်နိုင်တော့ဘဲ သူတို့လာတိုင်း ပြေးနေရတာဆိုတော့ တောင်သူတွေမှာ အခက်အခဲတွေ တွေ့တာပေါ့။ အလုပ်တွေလည်း တအားပျက်တာပဲ။”

မေလ ၁၉ ရက်နေ့မှာ စစ်တပ်က ဒုတိယအကြိမ်ဝင်ရောက်ပြီး မီးရှို့အကြမ်းဖက်တာခံခဲ့ရတဲ့ ကနီမြို့နယ်၊ နတ်ကြီးကျေးရွာမှာ စိုက်ပျိုးရေး လုပ်ငန်းသုံးစက်ပစ္စည်းတွေ၊ ကျွဲနွားတွေပါ ဖျက်ဆီးခံခဲ့ရတဲ့အတွက် နောက်နှစ်အတွက် ဝမ်းစာတောင် မကျန်တော့ဘူးလို့ နတ်ကြီးရွာသူတယောက်က ပြောပါတယ်။

“ကျွဲ၊ နွားတွေ တချို့ကျန်ခဲ့ကြတယ်။ သေတယ် မသေတယ်လည်း မသိသေးဘူး။ လောလောဆယ်ဆိုတာက မိုးကလည်း ကျနေတဲ့အချိန်လေ။ နွားရော လူရော နေစရာလည်း မရှိတော့ဘူး။ အဲ့လိုမျိုးဖြစ်နေတာ။ ဒီလိုမျိုးပစ္စည်းတွေဆိုတာ အနှစ်နှစ်အလလ စုထားရတာ။ သားနှစ်ယောက်ကို မြို့မှာ ထားရသေးတယ်။ ကျနော့်တို့ ရုန်းကန်ပြီးတော့မှ ဆောက်ထားတဲ့အိမ်။ အခု ရထားတဲ့ သီးနှံလေးတွေ ဘယ်သူ့အပေါ်မှ ဘာမှလုပ်ထားတာမရှိဘဲ အခုလိုလုပ်သွားတာဆိုတော့ ခံစားရတယ်။ အခုက သီးနှံတွေသိမ်းပြီးတဲ့အချိန် အကုန်ပါသွားပြီလေ။ ကိုယ့်သီးနှံလည်း ကိုယ်မစားရတော့ဘူးလေ။ ဒီလိုအိမ်မျိုးဆောက်နိုင်ဖို့ဆိုတာကလည်း မလွယ်တော့ဘူး။ တောင်သူဆိုတာ သိတဲ့အတိုင်းပဲလေ သီးနှံလေးပေါ်လာလိုက် ရောင်းလိုက်၊ အကြွေးနဲ့နောက်တနှစ်စာရင်းလိုက်နဲ့ လုပ်ရတာ။ ဒီနှစ်မှ သီးနှံလေးရလို့မို့ လှောင်ထားကာရှိသေး၊ ဝမ်းစာနေကာရှိသေးတယ် ဒီလိုဖြစ်သွားတော့ ခံစားရတော့တာပေါ့။”

‌မေလအတွင်း ကနီမြို့နယ်ထဲက ရွာ ၁၁ ရွာအထိ စစ်တပ်က အကြမ်းဖက် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့လို့ ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်းကနေ လက်ရှိအချိန်အထိ စစ်ကိုင်းတိုင်းမှာ အိမ်ခြေတသောင်းဝန်းကျင် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ပြည်သူတွေဟာ အိုးမဲ့အိမ်မဲ့ဘဝနဲ့ အခက်အခဲတွေတွေ့နေရပါတယ်။ 

စစ်ကိုင်းဒေသတွင်းတိုက်ပွဲတွေ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက ပုံမှန်သတင်းထုတ်ပြန်လေ့မရှိဘဲ PDF တွေက အကြမ်းဖက်တာတွေပြုလုပ်နေတယ်ဆိုပြီး စွပ်စွဲပြောဆိုလေ့ရှိပါတယ်။

//
Up