လီဗာပူးက ထွက်ခွာမည့် မာနေးကို ဘိုင်ယန်မြူးနစ်အသင်း ခေါ်ယူမည်

လီဗာပူးအသင်းကနေ ထွက်ခွာတော့မယ့် တိုက်စစ်မှူးမာနေးကို ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ် အသင်းက ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။
ဆီနီဂေါတိုက်စစ်မှူးဟာ အသင်းနဲ့ တစ်နှစ်သက်တမ်းသာ ကျန်ရှိတော့ပြီး မနေ့က လီဗာပူး အသင်းရရှိတဲ့ ဆုဖလား ၂ လုံးနဲ့အတူ အောင်ပွဲခံရာမှာ ပါဝင်ခဲ့ပါတယ်။
ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်ခင်ကတည်းက အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချမယ်လို့ ဆိုခဲ့တဲ့ မာနေးဟာ အတွေ့အကြုံသစ်တစ်ခု ရှာဖွေဖို့ ဆန္ဒရှိနေတာပါ။
အပြောင်းအရွှေ့သတင်းတွေနဲ့ ပတ်သက်ပြီး ယုံကြည်ရတဲ့ အီတလီဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနို ကတော့ မာနေးဟာ အသင်းပြောင်းဖို့ ဆုံးဖြတ် ချက်ချလိုက်ပြီး ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းဖို့ အခွင့်အရေးများနေတယ်လို့ ဖော်ပြခဲ့ပါတယ်။
“မာနေးဟာ လီဗာပူးအသင်းနဲ့အတူ ထူးခြားတဲ့ အောင်မြင်မှုတွေ ရယူနိုင်ခဲ့အပြီးမှာ အတွေ့အကြုံသစ်တစ်ခုရှာဖွေဖို့ အဆင်သင့်ဖြစ်နေပါတယ်။ သူ အသင်းက ထွက်ခွာတော့မယ်ဆိုတာကို အသင်းဘက်က မကြာခင် အတည်ပြု သတင်းထုတ်ပြန်ပေးပါလိမ့်မယ်။ ဘိုင်ယန်မြူးနစ်က ရေပန်းအစားဆုံးဆိုပေမယ့် အပြီးသတ်တော့ မလုပ်ဆောင်ရသေးပါဘူး” လို့ အီတလီဂျာနယ်လစ်ရိုမာနိုက ရေးသားခဲ့ပါတယ်။
မာနေးအတွက် လီဗာပူးအသင်းက ပေါင် ၃၅ သန်းရရှိနိုင်ဖို့ မျှော်လင့်နေပါတယ်။ အသက် ၃ဝ ရှိ မာနေးဟာ ၂၀၁၆ ခုနှစ်က ဆောက်သမ်တန်ကနေ ပေါင် ၃၄ သန်းနဲ့ ပြောင်းရွှေ့လာသူဖြစ်ပြီး အသင်းနဲ့အတူ စုစုပေါင်း ၂၆၉ ပွဲမှာ သွင်းဂိုး ၁၂၀ လောက် သွင်းယူပေးထားပါတယ်။