တရုတ်နိုင်ငံတွင် မိုးသည်းထန်ပြီး ရေဘေးသင့်

တရုတ်နိုင်ငံဒေသအတော်များများမှာ မိုးသည်းထန်ပြီး ရေကြီးနေလို့ ရေဘေးသင့် ပြည်သူတွေကို အာဏာပိုင်တွေက ဘေးကင်းရာရွှေ့ပြောင်းတာနဲ့ ရေတွေကို ဖောက်ချတာတွေ အပါအဝင် အရေးပေါ်တုံ့ပြန်ရေး အစီအစဉ်တွေ အားထုတ်ကြိုးပမ်း ဆောင်ရွက်နေရပါတယ်။
တရုတ်တောင်ပိုင်း ရုံရွှေမြောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဇွန် ၃ ရက်ကနေ ၅ ရက်အထိ မိုးအကြီးအကျယ် ရွာခဲ့လို့ ရေဘေးဟာ တပ်လှန့်သတိပေးချက် အဆင့်ကိုကျော်လွန် ခဲ့ပါတယ်။
မိုးကြီးလို့ မြို့တွင်းလမ်းတွေနဲ့ မြေနိမ့်ပိုင်းက လမ်းတွေ ရေလွှမ်းနေကာ ရေပြန်ကျသွားချိန်မှာ လမ်းတွေကို ပြန်ဖွင့်ပြီး သောင်တွေကို တူးထုတ် နေရပါတယ်။
ကွမ်းရှီးပြည်နယ် လီကျန်းမြစ်နားက ရွာတွေလည်း မိုးကြီးလို့ ရေနဲ့ မျောပါကုန်ပါတယ်။ တာ့ရှုမြို့ထဲက ရေအမြင့်ဟာ ဇွန် ၅ ရက် မနက်က အနက်ဆုံးနေရာမှာ ၂ မီတာ ကျော်ခဲ့ပြီး ညနေပိုင်းမှာတော့ ၁ ဒသမ ၃ မီတာလောက် ဆက်ရှိနေပါတယ်။
တရုတ်အလယ်ပိုင်း ဟူနန်ပြည်နယ်၊ ရှင်းတန်မြို့က အဓိက လမ်းမတွေရဲ့ တခုမှာ မိုးကြီးလို့ မြေပြိုခဲ့ပါတယ်။
ရဲတွေ အခင်းဖြစ်ရာနေရာကို ရောက်လာပြီး လမ်းတွေကို ရှင်းရင်း ကားတွေကို လမ်းညွှန်ခဲ့ကြ ပါတယ်။
တချိန်တည်းမှာ တရုတ်နိုင်ငံအရှေ့မြောက်ဘက် လျောင်နင်းပြည်နယ်ထဲက မြို့အများအပြားမှာ ဇွန် ၅ ရက် ညနေ ငါးနာရီဝန်းကျင် လောက်က မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ မိုးသီးကြွေကျမှု သတိပေးချက်ကို ပြည်နယ်မိုးလေဝသဘေးအန္တရာယ်စောင့်ကြည့်ရေးနဲ့ ကြိုတင်သတိ ပေးချက်စင်တာက ထုတ်ပြန်ထားပါတယ်။