close

ဂျာမနီနှင့်ပွဲ၌ ဟာရီကိန်း ဂိုး ၅၀ ပြည့်ခဲ့ပြီး ဒုတိယသွင်းဂိုးအများဆုံး ကစားသမားဖြစ်လာ

ဒီနေ့မနက်အစောပိုင်း ကစားခဲ့တဲ့ ဂျာမနီအသင်းနဲ့ပွဲစဉ်မှာ ပင်နယ်တီကနေတဆင့် နောက်ကျချေပဂိုး သွင်းယူခဲ့တဲ့ ဟာရီကိန်းဟာ အင်္ဂလန်အသင်းနဲ့အတူ သွင်းဂိုး ၅၀ ပြည့်မြောက်ခဲ့ပြီး ဒုတိယဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာပါတယ်။

အင်္ဂလန်အသင်းသမိုင်းမှာ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ဝိန်းရွန်းနီက ၅၃ ဂိုးနဲ့ စံချိန်တင်ထားတာပါ။

လက်ရှိအချိန်မှာတော့ ဂိုး ၅၀ ပြည့်ခဲ့တဲ့ ဟာရီကိန်းဟာ ဘော်ဘီချာတန်ရဲ့ ၄၉ ဂိုး မှတ်တမ်းကို ကျော်ဖြတ်နိုင်ခဲ့ပြီး ဝိန်းရွန်းနီကိုမီဖို့ ၃ ဂိုးသာ လိုအပ်တော့တာ ဖြစ်ပါတယ်။

မန်ယူတိုက်စစ်မှူးဟောင်း ရွန်းနီဟာ အင်္ဂလန်အတွက် ပွဲ ၁၂၀ ကစားပြီးချိန်မှာ ၅၃ ဂိုး သွင်းယူခဲ့ပြီး ဟာရီကိန်းက ပွဲ ၇၀ အတွင်းမှာပဲ သွင်းဂိုး ၅၀ ရရှိလာခဲ့တာပါ။

အသင်းခေါင်းဆောင် ဟာရီကိန်းရဲ့ သွင်းဂိုးအရေအတွက်ဟာ လက်ရှိ အင်္ဂလန်ကစားသမားတွေအားလုံးရဲ့ စုစုပေါင်းသွင်းဂိုးနဲ့လည်း တူညီနေပါတယ်။

အင်္ဂလန်ဟာ ဂျာမနီကို မြူးနစ်မှာ သရေကစားနိုင်ခဲ့တဲ့အတွက် နောက်ဆုံး ၃ ပွဲဆက်တိုက် ဂျာမနီကို မရှုံးနိမ့်အောင် ကစားနိုင်ခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ဇွန် ၁၂ ရက်မှာ အီတလီ၊ ဇွန် ၁၅ ရက်မှာ ဟန်ဂေရီအသင်းတွေနဲ့ နေးရှင်းလိဂ်ပွဲစဉ်တွေ ဆက်လက်ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

//
Up