close

ဝန်းသိုမြို့နယ်၌ စစ်ကောင်စီတပ် စစ်ကြောင်းထိုးသဖြင့် ရွာသားများ တိမ်းရှောင်ထွက်ပြေး

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်အတွင်းကျေးရွာတွေမှာ  ဇွန် ၉ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာလို့  ရွာသူ ရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။ 

ဝန်းသိုမြို့နယ်ရှိ အာမခံ၊ ဩဂ၊ ကျွန်းကုန်း၊ အုတ်တိုက်ကုန်း၊ ဖီလေး၊ ကံကုန်း၊ ဇီးဖြူကုန်း၊ ပိန်းကန်၊ ချောင်းဆုံ၊ လေးရွာ၊ ကင်ပွန်းခြုံ စတဲ့ ကျေးရွာ ၁၁ ရွာလောက်က  ဒေသခံ ရွာသူ ရွာသားတွေဟာ စစ်ကောင်စီတပ်တွေနဲ့ ဝေးရာကို ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

ရွာခံတဦးက “စစ်ကြောင်းတကြောင်းကို အင်အား ၃၀ နီးပါးပါတဲ့ စစ်ကြောင်း ၃ ကြောင်းနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ရွာတွေဘက်ကို စစ်ကြောင်းထိုးလာလို့ ရွာသူရွာသားတွေ ဘေးလွတ်ရာ တိမ်းရှောင် ထွက်ပြေးနေကြရပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်သားတွေက ယူနီဖောင်းမဝတ်ဘဲ အရပ်ဝတ်တွေနဲ့ ကျေးရွာ‌တွေကို ဝင်ရောက်မွှေနှောက်ပြီး ရွှေငွေနဲ့ တန်ဖိုးကြီးပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဆိုပါဒေသတွေကို စစ်ကောင်စီနဲ့ ပျူစောထီးတွေ ရွာစဉ်လှည့်လည်ကာ မီးရှို့ဖျက်ဆီးပြီး တန်ဖိုးရှိပစ္စည်းတွေ ယူဆောင်သွားကြတယ်လို့ ရွာခံတဦးက ပြောပါတယ်။

ဇွန် ၈ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်‌တွေ လေး‌ကျေးရွာဘက်ကို စစ်ကြောင်းထိုးကာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ PDF ရဲဘော်တဦး ထိမှန်ကျဆုံးခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့က ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ဇွန် ၈ ရက်နေ့ကလည်း ကိုးတောင်ဘို့နယ် ဇော်ချောင်းကျေးရွာနဲ့ ကင်းမရွာက အိမ်‌ခြေ ၄၇ လုံးနဲ့ လျှော်ဖြူကုန်းကျေးရွာ တရွာလုံးကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရွှေဘိုမြို့နယ်၊ ဝန်းသိုမြို့နယ်၊‌ ကောလင်းမြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေက သာလွန်အင်အားအသုံးပြု စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

//
Up