close

သာစည်မြို့နယ်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် ရွာသား ၁ ဦးသေဆုံး

မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ အုတ်တွင်းကျေးရွာမှာ ဇွန် ၉ ရက် ညပိုင်းက လူစုလူဝေးပြုလုပ်တယ်ဆိုပြီး စစ်ကောင်စီတပ်က အကြမ်းဖက်ပစ်ခတ်ခဲ့လို့ အမျိုးသား တယောက်သေဆုံး၊  ၁၀ ယောက်ထက်မနည်း ဒဏ်ရာရပြီး ဖမ်းဆီးခံခဲ့ရပါတယ်။

အုတ်တွင်းကျေးရွာမှာ ဒေသခံတချို့ စုဝေးစကားပြောနေစဉ် စစ်ကောင်စီတပ် ဝင်ရောက်လာပြီး လူစုလူဝေးနဲ့ ဖဲရိုက်နေတယ်ဆိုပြီး သေနတ်နဲ့ လှမ်းပစ်ခတ်ခဲ့လို့ ရွာသားတွေသေဆုံး ဒဏ်ရာရခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

ဒေသခံတဦးက "စကားထိုင်ပြောနေတဲ့အချိန် စစ်ကောင်စီတပ် ကင်းလှည့်တာနဲ့ တိုးပြီး ဖဲဝိုင်း လုပ်နေပါတယ်ဆိုပြီး လူကြားထဲ သေနတ်နဲ့ပစ်တာ။ အမျိုးသားတစ်ယောက်သေတယ်။  ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်။ အဲ့လူတွေကိုလည်းဖမ်းသွားတယ်။ ၁၀ ယောက်လောက် ရှိတယ် "လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က သေနတ်နဲ့ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့သူဟာ ဦးကုလားကြီးဖြစ်ပြီး ဒဏ်ရာရသူတွေနဲ့ ဖမ်းဆီးခံရသူတွေကိုတော့  သာစည်ရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားပါတယ်။

သာစည်မြို့နယ်၊ လှိုင်းတက်ကျေးရွာမှာ ဇွန် ၇ ရက်က ကြံ့ခိုင်ရေးပါတီဝင် ဦးကြယ်မိုးကို အမည်မသိသေနတ်သမားအဖွဲ့က သေနတ်နဲ့ ပစ်ခတ်လို့ သေဆုံးခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေက အနီးအနားက ကျေးရွာတွေကို ကင်းလှည့်နေတာဖြစ်ပါတယ်။

//
Up