close

ဒီးမော့ဆိုတွင် စစ်တပ်ကပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး အမျိုသား ၁ ဦးသေဆုံး ၊ အမျိုးသမီး ၃ ဦးဒဏ်ရာရ

ကယား(ကရင်နီ)ပြည်နယ်၊ ဒီး​မော့ဆိုမြို့နယ်၊ ​ဆောင်ဒူလာ​​ကျေးရွာအုပ်စုမှာ ဇွန်လ၁၀ ရက် ညပိုင်း စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် လူနေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့လို့ ဒေသခံ အမျိုးသား တယောက် သေဆုံးပြီး  ၅ နှစ်သမီးအပါအဝင် အမျိုးသမီး သုံးဦးဒဏ်ရာရသွားပါတယ်။ 

မနေ့ည ၉ နာရီလောက်က ငွေ​တောင်​အ​ခြေစိုက် ခလရ ၁၀၂ တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာအတွင်းရှိ လူနေအိမ်ပေါ် ကျည်ကျရောက်ပြီး အသက် ၅၄ နှစ်အရွယ် အမျိုးသားတယောက် ပွဲချင်းပြီးသေဆုံးကာ အသက် ၅ နှစ်အရွယ်အလေးငယ်အပါအဝင် အမျိုးသမီး သုံးယောက် ဒဏ်ရာရခဲ့တာလို့  ဒီးမောဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီးမော့ဆို PDF ပြန်ကြားရေးတာဝန်ရှိသူက "ဆောင်ဒူလာကျေးရွာအုပ်စုမှာ တော်လှန်ရေးအစကတည်းက  တိုက်ပွဲတခါမှ မဖြစ်ဖူးပါဘူး။ လက်နက်ကြီးနဲ့ ကျေးရွာတွေဘက်ကို ပစ်တာတော့နေ့တိုင်းပါပဲ ထိခိုက်မှု ကြီးကြီးမားမားမရှိလို့ မထုတ်ပြန်ဖြစ်တာပဲရှိတာပါ။ ဒီတခါတော့ တော်တော်ဆိုးပါတယ်။ ရည်ရွယ်ချက်ရှိရှိ ပစ်နေတာပါ။ ညဘက် လူတွေအိပ်မောကျချိန်ဆိုတော့ ရှောင်ချိန်မရလိုက်ဘူး။ လက်နက်ကြီးက အိပ်ခန်းထဲကိုကျပြီး အိပ်ပျော်နေတဲ့ ဦးလေးရဲ့ ဦးခေါင်းနဲ့ လည်ပင်းတွေပြတ်ထွက်ကုန်တယ်။ အသက်ကယ်ဖို့ ဘယ်လိုမှ မမီလိုက်လို့ စိတ်မကောင်းပါဘူး။ သူ့သမီး ၁၈ နှစ် အရွယ်ကောင်မလေးက ဝမ်းဗိုက်နဲ့ ဆီးခုံမှာ ထိမှန်ပြီးဒဏ်ရာပြင်းထန်လို့ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိပါတယ်” လို့  ပြောပါတယ်။

လက်နက်ကြီးထိမှန်ပြီး ဒဏ်ရာရလူနာတွေကို ကျေးရွာထဲက လူမှုကယ်ဆယ်ရေးသမားတွေက လုံခြုံစိတ်ချရတဲ့ နေရာကိုပို့ဆောင်ပြီး ဆေးကုသမှုပေးထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဒီးမော့ဆိုမြို့နယ် စံပြခြောက်မိုင် ကျေးရွာအုပ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အသက် ၆၀ အရွယ် အမျိုးသမီးတယောက်  သေဆုံးခဲ့ပါတယ်။

ဒီး​မော့ဆိုမြို့နယ်အတွင်း စစ်​ကောင်စီတပ်ရဲ့ လက်ချက်​နဲ့ အပြစ်မဲ့အရပ်သားပြည်သူ ၁၀၈ ယောက် ​သေဆုံးသွားခဲ့ပြီလို့ သိရပါတယ်။

//
Up