ယူကရိန်းအရှေ့ပိုင်း ဆီဗာရိုဒိုနက်စ်မြို့တွင် တိုက်ပွဲပြင်းထန်

ယူကရိန်းအရှေ့ပိုင်း ဆီဗာရိုဒိုနက်စ်မြို့မှာ တိုက်ပွဲဟာ အလွန်ပြင်းထန်နေပြီး မြို့အနှံ့မှာ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ သမ္မတ ဇလန်စကီးက ဇွန် ၁၂ ရက်က ပြောပါတယ်။
ယူကရိန်းအရှေ့ပိုင်း ဒွန်းဘတ်စ်ဒေသမှာ ဆီဗာရို ဒိုနက်စ်မြို့တိုက်ပွဲဟာ ဗဟိုချက် ဖြစ်လာပါတယ်။ တချို့ နေရာတွေမှာဖြစ်နေတဲ့ တိုက်ပွဲအခြေအနေဟာ ရုရှားရဲ့ကျူးကျော်စစ် စတင်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ နောက်ပိုင်း တွေ့ခဲ့ရသမျှ တိုက်ပွဲတွေထဲ အပြင်းထန်ဆုံးလို့ ဆိုနိုင်ပါတယ်။
ရုရှားတပ်တွေဟာ မြို့ရဲ့ အစိတ်အပိုင်း အတော်များများကို သိမ်းယူထားပြီး၊ ယူကရိန်းတပ်တွေက စက်မှုလက်မှုလုပ်ငန်းတွေ ရှိတဲ့ နယ်မြေကနေ ဆက်ပြီး ခုခံနေပါတယ်။
ပြည်သူတွေလူထုတွေကလည်း ဓာတုစက်ရုံတွေရှိတဲ့ မြို့ရဲ့ အဲဒီဘက်အခြမ်းမှာပဲ ခိုလှုံနေရပါတယ်။
ရုရှားတပ်တွေဟာ ဆီဗာရိုဒိုနက်စ် မြို့အပြင် အနီးနားက မြို့တွေကိုလည်း တိုက်ခိုက်ဖို့ ပြင်နေတယ်လို့ ဇီလန်စကီးကပြောပါတယ်။
ရုရှား တပ်တွေဟာ ဆီဗာရိုဒိုးနက်စ်မြို့နဲ့ လင်းဇီချက်စ်မြို့ကို ဆက်သွယ်ထားတဲ့ တံတားကို ဖောက်ခွဲ ဖျက်ဆီးပစ်လိုက်တယ်လို့ ယူကရိန်း ဒေသအာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
ဆီဗာရိုဒိုးနက်စ်မြို့ဟာ ဒွန်းဘတ်ဒေသမှာ ပါဝင်နေတဲ့ လူဟန့်စ်ခ်ခရိုင်ထဲမှာ ယူကရိန်းတပ်တွေ နောက်ဆုံး တပ်စွဲထားတဲ့ မြို့ဖြစ်ပြီး၊ ဒီမြို့ ကျသွားရင်တော့ စစ်ရေးမှာ ယူကရိန်းအတွက် မဟာဗျူဟာမြောက်ကျဆုံးမှု ဖြစ်မယ်လို့ ရိုက်တာသတင်းက ရေးပါတယ်။