တွံတေးတွင် ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ထားသဖြင့် ကယ်ရီသမားများ အခက်ကြုံ

ရန်ကုန်တိုင်း တွံတေးမြို့နယ်မှာ စစ်ကောင်စီက ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်လိုက်တဲ့အတွက် ဆိုင်ကယ်နဲ့ အသက်မွေးဝမ်းကြောင်းပြု နေရသူတွေ စားဝတ်နေရေးအခက်အခဲ ဖြစ်နေကြပါတယ်။
တွံတေးမြို့နယ်အတွင်း ဆိုင်ကယ်စီးနှင်းခွင့်ကို ဇွန် ၁၀ ရက်နေ့ကစတင်ပြီး ရက်အကန့်အသတ်မရှိ ပိတ်ပင်ခဲ့တဲ့အတွက် ဒေသခံတွေ သွားလာရေးခက်ခဲတာ၊ ဆိုင်ကယ်နဲ့ အသက်မွေးဝမ်းကျောင်းပြုသူတွေ စားဝတ်နေရေး အခက်အခဲ ဖြစ်ပေါ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံ ဆိုင်ကယ် ကယ်ရီသမားတဦးက “ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးက အသံချဲ့စက်နဲ့ လိုက်ကြေညာတယ်။ ဆိုင်ကယ်စီးနင်းခွင့်ကို ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်တယ်လို့ ဇွန် ၉ ရက် ညပိုင်းက ကြေညာတယ်။ ကျနော်တို့က ဆိုင်ကယ် ကယ်ရီဆွဲပြီး စားဝတ်နေရေးဖြေရှင်းနေရတာ။ ဒီလောက် လူတွေ ဒုက္ခရောက်နေတာ။ ဆိုင်ကယ် မစီးရဘူးဆိုတော့ ဘာလုပ်စားရမှန်းတောင် မသိဘူး” လို့ ပြောပါတယ်။
တွံတေးမြို့နယ်မှာ ကျေးရွာများစွာရှိပြီး ကားလမ်းမပေါက်တဲ့ ကျေးရွာတွေကို သွားလာရာမှာ ဆိုင်ကယ်နဲ့သွားသူတွေများပြီး ဆိုင်ကယ်မစီးရ အမိန့်ကြောင့် များစွာအခက်အခဲဖြစ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ကားလမ်းဘေးက ကျေးရွာတွေကိုသာ လိုင်းကားစီးသွားလို့ရတာ။ ကားလမ်းမပေါက်တဲ့ ရွာတွေကတော့ ဆိုင်ကယ်နဲ့ပဲ ပစ္စည်းသယ် ရတယ်၊ ခရီးသယ် တင်ရတယ်။ ခု ဆိုင်ကယ်မစီးရ အမိန့်ကြောင့် ပစ္စည်းသယ်တာက အစ အတော်ဒုက္ခရောက်တယ်။ ဘာကြောင့်များ ဆိုင်ကယ်မစီးရ အမိန့်ထုတ်လည်း မသိပါဘူး။
ရန်ကုန်တိုင်းဒေသကြီးအတွင်း သန်လျင်မြို့နယ်၊ ဒလမြို့နယ်နဲ့ တွံတေးမြို့နယ်တွေမှာ ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ထားပါတယ်။