ယူကရိန်းနိုင်ငံအား ရုရှားတိုက်ခိုက်မှု စစ်ရာဇဝတ်မှုမြောက်ဟု AI ပြော

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ခါကိဗ်မြို့ကို ရုရှားတပ်က အမြောက်တွေ မရပ်မနား တရစပ် ပစ်ခတ်နေတာ၊ မြေမြှုပ်မိုင်းတွေကို ပရမ်းပတာထောင်တာတွေကြောင့် အရပ်သားတွေ ရာနဲ့ချီ သေဆုံးရတာတွေဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က ဇွန် ၁၃ ရက်မှာ ပြောပါတယ်။
ယူကရိန်းရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ခါကိဗ်မြို့ဟာ ရုရှားတပ်တွေ ယူကရိန်းကို စတင်ကျူးကျော်တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကတည်းက ရုရှားဘက်က အနီးကပ်ပစ်တဲ့ အမြောက်ဆန်၊ ဗုံးဆန်တွေ အောက်မှာ ရောက်ခဲ့ရတာဖြစ်ပါတယ်။
မေလမှာတော့ ယူကရိန်းတပ်တွေက ရုရှားတပ်တွေကို ပြန်တိုက်ထုတ်နိုင်ခဲ့ပေမယ့် အရပ်သား ၆၀၆ ယောက် သေဆုံးကာ၊ လူ ၆ သိန်းလောက် အိုးအိမ် စွန့်ခွာခဲ့ရတယ်လို့ ယူကရိန်းဘက်က ပြောပါတယ်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဧပြီနဲ့ မေလမှာ ၁၄ ရက်ကြာအောင် စုံစမ်းစစ်ဆေးမှုကို ပြုလုပ်ခဲ့ပြီးနောက် ရုရှားဟာ ပဒေသာဗုံးတွေနဲ့ မြေမြှုပ်မိုင်းတွေကို အသုံးပြုခဲ့တယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။
“ခါကိဗ်က လူနေရပ်ကွက်တွေကို အရပ်သားတွေကို မရှောင်ဘဲ ဗုံးကြဲတဲ့အတွက် အရပ်သား ရာနဲ့ချီပြီး သေဆုံး၊ ဒဏ်ရာရခဲ့တယ်။ ဒါတွေဟာ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေပါပဲ” လို့ Amnesty အဖွဲ့က ဆိုပါတယ်။ Amnesty အဖွဲ့ရဲ့ ဒီ ထုတ်ပြန်ချက်ကို ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနဘက်က မှတ်ချက်မပေးသေးပါဘူး။
ရုရှားနဲ့ ယူကရိန်းဟာ ပဒေသာဗုံး အသုံးမပြုရေး စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ နိုင်ငံတွေတော့ မဟုတ်ပါဘူး။
ဒါပေမယ့် ဒီပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေနဲ့ အရပ်သားတွေကို တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်နိုင်တယ်လို့ Amnesty အဖွဲ့က သုတေသန အရာရှိ Gallopin က ပြောပါတယ်။