close

ရုရှားနှင့် ဆီးရီးယားလေတပ် လေကြောင်းတိုက်ခိုက်မှု ပူးပေါင်းလေ့ကျင့်

ရုရှားနဲ့ ဆီးရီးယား လေတပ်တွေဟာ ဆီးရီးယားနိုင်ငံတဝန်း ပူးတွဲလေကြောင်းတိုက်ခိုက်မှု သရုပ်တူလေ့ကျင့်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇွန် ၇ ရက်မှာ ပြောလိုက်ပါတယ်။

ရုရှားလုပ် Su-24m, Su-34 နဲ့ Su-35s လေယာဉ်တွေ၊ ဆီးရီးယားလေယာဉ်တွေဖြစ်တဲ့ MIG-23ml နဲ့ MIG-29 လေယာဉ်တွေ ပါဝင်လေ့ကျင့်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒမတ်စကတ်မြို့တော်အပြင်ဘက်က ဆီးရီးယားလေတပ် အခြေစိုက်စခန်းတွေရှိရာ ဟားမေမင်မ်၊ ဆေးကိုနဲ့ ဒူးမာယာ လေယာဉ်ကွင်းတွေမှာ ပူးတွဲ စစ်ရေးလေ့ကျင့်ခဲ့တာလို့ ရုရှားသတင်းစာ အဇ်ဗက်ဇ်တီယာက ဖော်ပြပါတယ်။

ရုရှားတပ်တွေဟာ ဆီးရီးယားပြည်တွင်းစစ်မှာ သမ္မတ ဘတ်ရှား အယ်လ် အာဆတ်ဘက်ကနေ ဝင်ရောက်ကူညီရင်း ၂၀၁၅ တည်းက ဆီးရီးယားနိုင်ငံထဲမှာ ရှိနေခဲ့တာပါ။

တူရကီအစိုးရက ကာဒစ်ရှ် တိုက်ခိုက်ရေးသမားတွေကို ထိုးစစ်စဆင်ကောင်း ဆင်နိုင်တဲ့ ဆီးရီးယားမြောက်ပိုင်းမှာ ဆီးရီးယားနဲ့ ရုရှားစစ်တပ်တွေ တိုးမြှင့်ချထားတယ်လို့ တူရကီနဲ့ ဆီးရီးယားအရာရှိတွေက ပြောပါတယ်။

ဒီအရေးအတွက် တူရကီအစိုးရဟာ ရုရှားအစိုးရနဲ့ ဆွေးနွေးဖို့ ပြင်ဆင်နေတယ်လို့ ရိုက်တာသတင်းဌာနက ကြေညာထားပါတယ်။

//
Up