ထိုင်းတွင် လက်နက်မှောင်ခိုဂိုဏ်းကို ဖြိုခွင်း၊ သေနတ် ၁၀၀ ကျော် သိမ်းဆည်းရမိ

ထိုင်းနိုင်ငံကနေ အိမ်နီးချင်းနိုင်ငံတွေကို တရားမဝင်ဖြန့်ဖြူးရောင်းချနေတဲ့ လက်နက်မှောင်ခိုဂိုဏ်းကို ဖမ်းဆီးရမိကြောင်း ထိုင်းအမျိုးသားရဲတပ်ဖွဲ့က ဇွန် ၁၃ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
နိုင်းဘေးလ်ကျည်တစ်ထောင်လို့ အမည်တွင်တဲ့ အသက် ၃၂ နှစ်အရွယ် နိုင်းဒနုဖုန်းနဲ့ အပေါင်းအပါ တွေဟာ အားကစားလုပ်ဖို့ အကြောင်းပြ သေနတ်ဆိုင်တွေကနေ ထောက်ခံစာအတု၊ အစစ်တွေနဲ့ ဝယ်ယူစုဆောင်းပြီး အိမ်နီးချင်းနိုင်ငံတွေကို တရားမဝင် လက်နက် တင်ပို့ရောင်းချနေကြောင်း စုံစမ်းသိရှိရတဲ့အတွက် ဆက်စပ်နေတဲ့ ဘန်ကောက်၊ ချင်းမိုင်၊ ချွန်းပူးရီး၊ ကန်ကျနပူရီ၊ ဥဒွန်းဌာနီ စတဲ့ခရိုင် ၅ ခုက နေရာပေါင်း ၂၁ နေရာကို သွားရောက်စစ်ဆေးဖမ်းဆီးခဲ့တယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်ကြီးကြီး ဆူဝပ်ကျဲင့်ယွတ်ဆုခ်က ပြောပါတယ်။
အဆိုပါစစ်ဆေးမှုကနေ သေနတ်မျိုးစုံ အလက်ပေါင်း ၁၀၀ ကျော်နဲ့ ကျည်ဆန် ၁၀၀၀၀ ကျော် သိမ်းဆည်းရမိကြောင်း၊ ဒါ့အပြင် နိုင်းဘေးလ် ခေါ် နိုင်းဒနုဖန်းရဲ့ ချွန်းပူးရီးခရိုင်က တိုက်အိမ် ၂ လုံး၊ ကား ၆ စီး၊ လှေ ၅ စီးနဲ့ ဘဏ်စာအုပ်ပေါင်း ၂၈ အုပ်၊ သေနတ်ဝယ်ခွင့် ထောက်ခံစာ ၄၉၀ စောင်ကိုလည်း သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါလက်နက်ကုန်ကူးမှုမှာ ငွေရင်းနှီးစိုက်ထုတ်သူ၊ သေနတ်တွေစုဆောင်းဝယ်ယူသူ၊ သေနတ် ဝယ်နိုင်ဖို့ ဝယ်ခွင့်ရှိသူထံ ချဉ်းကပ်ကာ ထောက်ခံစာရယူတာ၊ ဌာနဆိုင်ရာဝန်ထမ်းထံမှ ထောက်ခံ စာရယူခြင်း၊ သေနတ်ရောင်းတဲ့ဆိုင်တွေနဲ့ ချိတ်ဆက်ဝယ်ယူတာ၊ အိမ်နီးချင်းနိုင်ငံသို့ တင်ပို့တာ စသဖြင့် အဆင့်လိုက် အဖွဲ့လိုက်ရှိပြီး သေနတ် တလက်ရောင်းရင် အမြတ်အစွန်း ဘတ်ငွေ ၃၀,၀၀၀ မှ ၅၀,၀၀၀ ရရှိကြောင်း၊ လုပ်ငန်းလည်ပတ်ငွေမှာ ဘတ်သန်းပေါင်း ၁၅၀ ခန့်ရှိတယ်လို့ ဆိုပါတယ်။
လောလောဆယ် နိုင်းဘေးလ်နဲ့တကွ အပေါင်းပါ ၁၆ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး အဲဒီထဲမှာ ထောက်ခံစာလက်မှတ်ထိုးပေးတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးအဆင့် ဝန်ထမ်း ၁ ဦး၊ အငြိမ်းစား ဝန်ထမ်း ၁ ဦး ပါဝင်ကြောင်း၊ နောက်ထပ်ပတ်သက်နေတဲ့ ဝန်ထမ်းတွေလည်း ဆက်လက်စုံစမ်း ဖော်ထုတ်သွားမယ်လို့ ရဲချုပ်ကြီးက ပြောသွားပါတယ်။
ဒီမတိုင်ခင် လွန်ခဲ့တဲ့ ၂ နှစ်က တရားမဝင် လက်နက်ဖမ်းဆီးရရှိမှု နှစ်ကြိမ်ရှိခဲ့ပြီး အဆိုပါတရားခံတွေကို စစ်ဆေးမေးမြန်းရာမှာ နိုင်းဒနုဖုန်းထံမှ ဝယ်ယူကြောင်း ထုတ်ဖော်ပြောဆိုတဲ့အတွက် ထိုင်းအထူးစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့က အချိန်ယူစုံစမ်းပြီး အခုလို ဝင်ရောက်ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။
ကိုးကား - komchadluek.net