မြစ်ကြီးနားမြို့ရှိ မန်ခိန်အထက်တန်းကျောင်း မီးလောင်ပြီး နှစ်ထပ်ကျောင်းဆောင်ပျက်စီး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မန်ခိန်ရပ်က အခြေခံပညာအထက်တန်းကျောင်းမှာ ဇွန် ၁၅ ရက် မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျောင်းဆောင်တွေ ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မျက်မြင်တွေ့ရှိသူ ဒေသခံတဦးက “မီးလောင်တာက မနက် နှစ်နာရီခွဲလောက် စလောင်တာ၊ ဘယ်လိုက စလောင်လဲဆိုတာတော့ မသိဘူး။ မီးအရှိန် အတော်ပြင်းတယ်။ ကျောင်းဆောင်ကြီးဘေးနားက အဆောင်တွေ မီးလောင်တာ အုတ်နံရံလောက်ပဲကျန်တယ်။ မီးသတ်ကားတွေက လောင်ပြီး တော်တော်လေးကြာမှရောက်တော့ မီးက တော်တော်အရှိန်ရနေပြီ” လို့ ပြောပါတယ်။
မန်ခိန် အခြေခံပညာအထက်တန်းကျောင်း မီးလောင်မှုနဲ့ပတ်သက်ပြီး မီးရှို့ခံရတာ ဖြစ်နိုင်တယ်လို့ မီးသတ်ဝန်ထမ်းတွေက သုံးသပ်ပြောဆိုပါတယ်။
မီးသတ်ဦးစီးဌာနမှ အမည်မဖော်လိုသူ မီးသတ်ဝန်ထမ်းတဦးက "မီးစလောင်ခြင်း ဖုန်းနဲ့လှမ်းအကြောင်းကြားလို့ ကျနော်တို့ အမြန်ဆုံးရောက်အောင် လာပါတယ်။ မီးလောင်မှုဖြစ်စဉ်ကို သုံးသပ်ရရင်တော့ ရှို့မီးလို့ပဲ ယူဆရပါတယ်" လို့ ပြောပါတယ်။
မန်ခိန်အထက်တန်းကျောင်း မီးလောင်ခဲ့တဲ့အတွက် ပျဉ်ခင်းပျဉ်ကာ အုတ်ပတ်ကားတက်ထားတဲ့ နှစ်ထပ်ကျောင်းဆောင် မီးလောင်ဆုံးရှုံးခဲ့ပါတယ်။