close

မြန်မာအသင်း စင်ကာပူကို ဂိုးပြတ်ရှုံးနိမ့်၊ အာရှခြေစစ်ပွဲမအောင်မြင်

Photo - MFF

အာရှခြေစစ်ပွဲ နောက်ဆုံးပွဲစဉ်တွေကို ဇွန် ၁၅ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာမှာ မြန်မာအသင်းက စင်ကာပူအသင်းကို ၆ ဂိုး ၂ ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်သွားပါတယ်။

ပထမပိုင်းကတည်းက စင်ကာပူအသင်းက ၃ ဂိုးပြတ်နဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းမှာ ၃ ဂိုး ထပ်သွင်းခဲ့တာပါ။

မြန်မာအသင်းအတွက် ချေပဂိုး ၂ ဂိုးကိုတော့ လူစားဝင်တိုက်စစ်မှူး ဝင်းနိုင်ထွန်းက ၅၃ မိနစ်မှာတဂိုး၊ အောင်ကောင်းမာန်က ၆၆ မိနစ်မှာတဂိုး သွင်းခဲ့တာပါ။

အာရှခြေစစ်ပွဲစဉ်တွေအပြီးမှာ မြန်မာအသင်းက ၃ ပွဲကစား ၃ ပွဲစလုံးရှုံးနိမ့်ကာ အုပ်စုအောက်ဆုံးမှာ ရပ်တည်ခဲ့လို့ ခြေစစ်ပွဲလည်း မအောင်မြင်ခဲ့ပါဘူး။

အာဆီယံဒေသတွင်း အသင်းတွေထဲမှာတော့ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားအသင်းတွေက အကောင်းဆုံးအုပ်စုဒုတိယ ၅ သင်းထဲ ပါဝင်ခဲ့လို့ ခြေစစ်ပွဲ အောင်မြင်ခဲ့ပါတယ်။

ဖိလစ်ပိုင်က အုပ်စုဒုတိယရပေမဲ့ အကောင်းဆုံး ၅ သင်းစာရင်းထဲမဝင်ဘဲ ကပ်လွဲခဲ့ရတာပါ။ ဗီယက်နမ်အသင်းကတော့ ဒုတိယအဆင့်မှာကတည်းက ခြေစစ်ပွဲ အောင်မြင်ထားခဲ့တာပါ။ စင်ကာပူကလည်း မြန်မာကို ဂိုးပြတ်အနိုင်ရပေမဲ့ အုပ်စုတတိယနေရာမှာပဲ ရပ်တည်ခဲ့လို့ ခြေစစ်ပွဲအောင်မြင်တဲ့ အာဆီယံအသင်း ၄ သင်းပဲ ရှိခဲ့ပါတယ်။

//
Up