close

နိုင်ငံတွင်း ရုရှားတပ်များ လေ့ကျင့်သင်ကြားခွင့်ပြုမိန့် နီကာရာဂွါလွှတ်တော် သက်တမ်းတိုး

နီကာရာဂွါနိုင်ငံမှာ ရုရှားတပ်ဖွဲ့တွေကို လေ့ကျင့်သင်ကြားခွင့်ပြုထားတဲ့ ဆယ်စုနှစ်တခုကြာ အမိန့်ဒီဂရီတရပ်ကို နီကာရာဂွါ ကွန်ဂရက်လွှတ်တော်က ဇွန် ၁၄ ရက်မှာ သက်တမ်းထပ်တိုးလိုက်ပါတယ်။

ဒီအမိန့်ဒီဂရီအရ နီကာရာဂွါစစ်တပ်နဲ့အတူ ပစိဖိတ်ရေပြင်မှာ ကင်းလှည့်ဖို့ ရုရှားစစ်သား ၂၃၀ ကို ဇူလိုင် ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အတွင်း နီကာရာဂွါနိုင်ငံထဲကို ဝင်ရောက်ခွင့်ပြုထားပါတယ်။

သမ္မတ ဒယ်နီရယ် အော်တီဂါက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ထောက်ခံခဲ့တာဖြစ်ပြီး ဒီလို ဆုံးဖြတ်ချက်ချမယ်လို့ မျှော်လင့်ထားပြီးဖြစ်ပါတယ်။

နီကာရာဂွါနိုင်ငံရဲ့ တခုတည်းသော ဥပဒေပြုလွှတ်တော်ဖြစ်တဲ့ ယူနီ ခမရဲလ် ကွန်ဂရက်လွှတ်တော်ဟာ ၂၀၁၂ ခုနှစ်ကတည်းက ရုရှားနိုင်ငံသားတွေ အပါအဝင် နိုင်ငံခြား စစ်ဘက်ဆိုင်ရာ ဝန်ထမ်းတွေကို နိုင်ငံတွင်းကို ၁ နှစ် ၂ ကြိမ် ဝင်ခွင့်ပြုခဲ့ပါတယ်။

နီကာရာဂွါနိုင်ငံရဲ့ အခုလို ဆုံးဖြတ်ချက်အပေါ် ရုရှားနိုင်ငံပိုင် ရုပ်မြင်သံကြားက အခုလအစောပိုင်းမှာ ဂုဏ်ပြုခဲ့ပါတယ်။

အမေရိကန်ကတော့ ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်မှုကြောင့် ဒီဆုံးဖြတ်ချက်ကို ပြစ်တင်ဝေဖန်ထားပြီး သူ့ရဲ့စိုးရိမ်မှုကို ထုတ်ဖော်ခဲ့ပါတယ်။

နီကာရာဂွါကွန်ဂရက်ကတော့ အမေရိကန်၊ မက္ကဆီကို၊ ကျူးဘား၊ ဗင်နီဇွဲလားနဲ့ တခြား ဗဟိုအမေရိကန် စစ်ဘက်ဆိုင်ရာ အရာရှိတွေ ဝင်ရောက်ခွင့်ကို အတည်ပြုပေးထားပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ရည်ရွယ်ချက်တွေအတွက် နီကာရာဂွါစစ်တပ်နဲ့အတူ ပူးပေါင်းလုပ်ဆောင်ဖို့ဖြစ်တယ်လို့ ပြောထားပါတယ်။

//
Up