စစ်ကောင်စီတပ်က ပုဏ္ဏားကျွန်းမြို့ခံ ၃ ဦးကို ဖမ်းဆီးပြီး တမြို့လုံးပိတ်ဆို့စစ်ဆေးနေ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့မှာ စစ်ကောင်စီတပ်က မြို့ခံ ၃ ဦးအထိ ဖမ်းဆီးထားပြီး ဇွန် ၁၇ ရက် ဒီနေ့မနက်ကစပြီး မြို့လုံးကျွတ် ဝင်ရောက်ရှာဖွေနေတာကြောင့် စျေးတွေပါ ပိတ်ထားရကာ လမ်းတွေမှာလည်း ပိတ်ဆို့စစ်ဆေးနေတယ်လို့ ပုဏ္ဏားကျွန်းမြို့ခံတွေက ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့ခံ ဦးမောင်လှသိန်းက "ဒီနေ့ မိုးလင်းကတည်းက စစ်သားတွေ ရပ်ကွက်ထဲက နေအိမ်တွေကို ဝင်ရောက်ရှာဖွေတာတွေ ရှိနေတယ်။ လမ်းတွေမှာလည်း ပိတ်ဆို့ပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတာကြောင့် လူတွေ အိမ်ပြင်မထွက်ကြတော့ဘူး။ စျေးလည်း ပိတ်ထားတယ်" လို့ ပြောပါတယ်။
ဇွန် ၁၆ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး ဖမ်းဆီးခံရပြီးနောက် ခလရ ၅၅၀ စစ်တပ်က သေနတ်တွေနဲ့ပစ်ပြီး မြို့ဝင်မြို့ထွက်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ဆေးတာတွေပြုလုပ်ပြီး အခင်းဖြစ်ပွားရာ ထွေအုပ်ရုံးရှေ့က ဆောက်လုပ်ရေးဆိုင်ရှင် အပါအဝင် မြို့ခံ ၂ ဦးကို ထပ်မံဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က ဖမ်းဆီးထားသူ ၃ ဦးမှာ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်ရှင် ဦးဘုလှိုင်၊ စံပြရပ်ကွက်မှ ဦးဝင်းမောင်သန်းနဲ့ မြို့သစ်ရပ်ကွက်မှ ဦးကျော်မင်းတို့ဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။
လက်ရှိ ပုဏ္ဏကျွန်းမြို့မှာ လူအသွားအလာမရှိဘဲ တိတ်ဆိတ်နေတယ်လို့ သိရပါတယ်။