ကိုဗစ်-၁၉ နှင့် ဒီဇယ်ဈေးတက်မှုဂယက်ကြောင့် ထိုင်း Green Bus ခရီးစဉ် ၈၀ ရာခိုင်နှုန်း လျှော့ချ

ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ နီးပါးကစ ပြေးဆွဲလာခဲ့တဲ့ အစိမ်းရောင် Green Bus ခရီးသည်တင်ဘတ်စ်ကားဟာ ကိုဗစ်-၁၉ ကူးစက်ရောဂါဂယက်ကြောင့်ရော၊ တရိပ်ရိပ်တက်လာတဲ့ ဒီဇယ်ဆီဈေးတွေကြောင့်ပါ ရပ်တည်ဖို့ အခက်အခဲဖြစ်နေပြီး ခရီးစဉ် ၈၀ ရာခိုင်နှုန်း လျှော့ချနေရတယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။
အထူးသဖြင့် ထိုင်းမြောက်ပိုင်းဒေသခရီးစဉ်မှာ ခါတိုင်း တနေ့ ၈ စီးပြေးဆွဲရာက လာမယ့် ဇူလိုင် ၁ ရက်နေ့ကစပြီး တနေ့ ၂ စီးပဲ ပြေးဆွဲနိုင်တော့မယ်လို့ ချိုင်းဖတ်ထနား Green Bus ကုမ္ပဏီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ စီအီးအို နိုင်းဆုမ်ချိုင်း ထောင်းခမ်းခွန်က သတင်းထောက်တွေကို ပြောပါတယ်။
သူတို့ခရီးသယ်ပို့ဆောင်ရေးလုပ်ငန်းဟာ အရင်က ထိုင်းတနိုင်ငံလုံးမှာ နေ့စဉ် ကားအစီးရေ ၃၀၀ ကျော် ပြေးဆွဲခဲ့ကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ဘတ်စ်ကားစီးသူဦးရေ လျော့နည်းသွားလို့ အစီးရေ ၁၀၀ ကျော်သာ ပြေးဆွဲနိုင်ခဲ့ရာက လက်ရှိ ဒီဇယ်ဆီဈေးမှာ တရိပ်ရိပ်တက်လာတာကြောင့် တနေ့ကို အစီးရေ ၆၀ သာ ပြေးဆွဲခဲ့ကြောင်း၊ ရှေ့လ (ဇူလိုင် ၁ ရက်) နေ့ကစပြီးတော့ တနေ့ကို အစီး ၃၀ ပဲ ပြေးဆွဲတော့မယ်လို့ ဂရင်းဘတ်စ်စီအီးအိုက ပြောပါတယ်။
ထိုင်းမြောက်ပိုင်းဆိုရင် ချင်းမိုင်-ချင်းရိုင်း၊ ချင်းမိုင်-ဖယောဝ်း၊ ချင်းမိုင်-နန့် စတဲ့ခရိုင်ထဲက ခရီးစဉ်ပဲ ပြေးဆွဲတော့မယ်လို့ ဆိုပါတယ်။
အရင်က ဒီဇယ် ၁ လီတာကို ၂၇ ဘတ်နှုန်းသာရှိပြီး ဒီကနေ့မှာတော့ ဒီဇယ် ၁ လီတာကို ၃၆ ဘတ်ထိ တက်လာတာကြောင့် ရင်းနှီးမြှုပ်နှံမှု ပိုများလာကြောင်း၊ သူတို့ကုမ္ပဏီဟာ လွန်ခဲ့တဲ့ ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်ထဲမှာ အစိုးရထံမှ ဘတ်ငွေသန်းပေါင်း ၈၀ ကို ချေးငှားခဲ့ရတယ်လို့ ပြောပါတယ်။
အခုလည်း ခရီးစဉ်တွေလျှော့ချပြီးရင် ဝန်ထမ်းပေါင်း ၃၀၀ ကျော် အလုပ်အကိုင် အကျပ်အတည်းနဲ့ ရင်ဆိုင်ရမှာဖြစ်ကြောင်း၊ အစိုးရအနေနဲ့ သူတို့တွေကို ကူညီပေးစေလိုပြီး ကုမ္ပဏီအနေနဲ့လည်း အခြားဝင်ငွေရမယ့် လုပ်ငန်းတွေပါ ကြံဆောင်ပေးရမယ်လို့ Green Bus ကုမ္ပဏီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌက ပြောသွားပါတယ်။