လိင်ပိုင်းစော်ကားမှုအတွက် အမေရိကန်ဟာသသရုပ်ဆောင် ဘီလ်ကော့စ်ဘီကို အပြစ်ရှိကြောင်း ဆုံးဖြတ်

နာမည်ကျော် အမေရိကန် ဟာသသရုပ်ဆောင်နဲ့ လူရွှင်တော် ဘီလ်ကော့စ်ဘီဟာ ၁၉၇၅ ခုနှစ်တုန်းက ပလေးဘွိုင်းစံအိမ်မှာ အဲဒီအချိန်တုန်းက ဆယ်ကျော်သက်အရွယ်ပဲရှိသေးတဲ့ အမျိုးသမီးတဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုအတွက် အပြစ်ရှိကြောင်း ကယ်လီဖိုးနီးယား ဂျူရီလူကြီးတဦးက ဇွန် ၂၁ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။
နှစ်ပေါင်းများစွာ စိတ်ပိုင်းဆိုင်ရာဒုက္ခတွေ ခံစားခဲ့ရတဲ့ ဂျူဒီဟုသအတွက် ၇ နှစ်ကြာ တရားရင်ဆိုင်အပြီးမှာ ဂျူရီအဖွဲ့က နစ်နာကြေး ဒေါ်လာ ၅ သိန်း ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။
၁၉၇၅ ခုနှစ် ဧပြီလက Southern California ရုပ်ရှင်ရိုက်ကွင်းမှာ ကော့စ်ဘီဟာ ဟုသ်နဲ့ သူ့သူငယ်ချင်းတဦးတို့ကို တွေ့ဆုံခဲ့ပြီး ရက်အနည်းငယ်အကြာမှာတော့ သူတို့ကို ပလေးဘွိုင်းစံအိမ်ကို ဖိတ်ခေါ်ခဲ့တယ်လို့ ကော့စ်ဘီရဲ့ ရှေ့နေတွေကလည်း သဘောတူ ဝန်ခံထားပါတယ်။
အဲဒီက အိပ်ခန်းတခုထဲမှာ အသက် ၃၇ နှစ်အရွယ် ကော့စ်ဘီဟာ အသက် ၁၆ နှစ်အရွယ် ဟုသ်ကို လိင်မှုကိစ္စဆောင်ရွက်ဖို့ အတင်းအကျပ် ခိုင်းစေခဲ့ကြောင်း ဟုသ်က သက်သေခံခဲ့ပါတယ်။
အဓိကမျက်မြင်သက်သေဖြစ်တဲ့ ဟုသ်ရဲ့သူငယ်ချင်း ဒွန်နာ ဆယ်မြူယယ်ဆင်က ဟုသ်နဲ့ ကော့စ်ဘီတို့ရဲ့ ဓာတ်ပုံကို ရိုက်ထားခဲ့တာပါ။
ဟုသ်ဟာ သူ့သား ၁၅ နှစ်ပြည့်တဲ့အချိန်မှာ သူ အဲ့ဒီအသက်အရွယ်တုန်းက ပလေးဘွိုင်းစံအိမ်ကို ရောက်ခဲ့တာကို ပြန်အမှတ်ရခဲ့တာပါ။
ကော့စ်ဘီဟာ တခြားအမျိုးသမီးတွေကိုလည်း အလားတူ ကျူးလွန်ခဲ့ကြောင်း ကြားသိခဲ့ရပြီး စိတ်ဒဏ်ရာတွေ ပြန်ပေါ်လာခဲ့တာကြောင့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှာ အမှုတင် တရားစွဲခဲ့ပြီး တရားရင်ဆိုင်မှု ၈ နှစ်နီးပါး ကြာခဲ့ပါတယ်။
နောက်ပိုင်း ပင်ဆယ်ဗေးနီးယားပြည်နယ်ရဲ့ အမြင့်ဆုံးတရားရုံးကနေ ကော့စ်ဘီရဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှု ပြစ်ဒဏ်ကို ပယ်ချခဲ့ပြီး တခြားရာဇဝတ်ပြစ်မှုနဲ့ ၁၁ လကြာ ထောင်ကျခဲ့ပြီးနောက် ပြန်လွတ်လာခဲ့တာပါ။
ဒါပေမဲ့ ကယ်လီဖိုးနီးယားရှိ အရပ်ဘက်တရားခွင်မှာ အမှုပေါ်လာပြီး ကော့စ်ဘီဟာ ဟုသ်နဲ့ လိင်ပိုင်းဆိုင်ရာ ထိခိုက်စေတဲ့ ထိတွေ့မှုကို ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့ကြောင်း တရားသူကြီးတွေက တွေ့ရှိခဲ့ပါတယ်။
ကော့စ်ဘီဟာ ဟုသ်ကို အသက် ၁၈ နှစ်အောက် ဆိုတာကို သိလျက်နဲ့ သူ့အပြုအမူဟာ အရွယ်မရောက်သေးသူကို သဘာဝမဟုတ်တဲ့ လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှုတွေကို နှိုးဆော်နေတယ်လို့ ယူဆကြပါတယ်။
ဂျူရီလူကြီးတွေရဲ့ ဆုံးဖြတ်ချက်ဟာ တချိန်က အမေရိကရဲ့ဖခင်အဖြစ် ချီးကျူးခံရတဲ့ အသက် ၈၄ နှစ်အရွယ် ဖျော်ဖြေရေးသမားအတွက် ကြီးကြီးမားမား ရှုံးနိမ့်မှုတခုဖြစ်ပါတယ်။ ကော့စ်ဘီရဲ့ ပြောရေးဆိုခွင့်ရှိသူ အန်ဒရူး ဝိုင်းယတ်ကတော့ သူတို့အယူခံဝင်မယ်လို့ ဆိုပါတယ်။